ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ LASK ၁-၃ လီဗာပူး ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲ အပြီးမှာ သူ့အသင်းရဲ့ တိုက်စစ်မှူးတွေဟာ ကြောက်စရာကောင်းအောင် ကောင်းနေပြီလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ်ရာသီမှာ ခြေစွမ်းတွေ တရိပ်ရိပ် ထိုးတက်နေတဲ့ လီဗာပူးက LASK ၊ တူးလော့စ် ၊ ယူနီယံ စိန့် ဂယ်လိုစီ စတဲ့ အသင်းတွေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ တအုပ်စုထဲ ကျရောက်နေပြီး သူတို့ရဲ့ ပထမဦးဆုံး အုပ်စုပွဲ အဖြစ် LASKကို ဩစတီးယားမြေမှာ သွားရောက် ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: 90 Min

LASKနဲ့ လီဗာပူးရဲ့ ပွဲစဉ်မှာ LASKက အင်အားကြီးကလပ် လီဗာပူးကို အံတုနိုင်ဖို့ အတွက် အဓိက ကစားသမား အစုံအလင်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပေမယ့် ကလော့ပ်ကတော့ အရန် ကစားသမားတွေနဲ့ လူငယ် ကစားသမားတွေကို ရောစပ်ကာ ပွဲထုတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပထမပိုင်းမှာ လူစုံတက်စုံ ပါဝင်လာတဲ့ LASKက လီဗာပူးထက် ကစားပုံ ပိုကောင်းခဲ့ပြီး ပွဲချိန် ၁၄မိနစ်မှာပဲ LASKရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖလက်ကာက လှပတဲ့ အဝေးကန်ချက်နဲ့အတူ LASKအတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် လီဗာပူးက ချေပဂိုး ပြန်ရဖို့ တရစပ် ကြိုးစားခဲ့ပေမယ့် ပထမပိုင်းမှာ လိုချင်နေတဲ့ ချေပဂိုးကို မရရှိခဲ့ပဲ ဒုတိယပိုင်း ပြန်စချိန်မှသာ ဒီယက်ဇ်ကြောင့် ရရှိလာတဲ့ ပင်နယ်တီကို နူနက်ဇ်က အမှားအယွင်း မရှိ ကန်သွင်းကာ အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ တဖက် တဂိုးစီ ဖြစ်ပြီးနောက် ကလော့ပ်က ဆိုဘော့ဇလိုင်း ၊ အယ်လစ္စတာ ၊ ဂိုးမက်စ် စတဲ့ အဓိက ကစားသမားတွေကို ထည့်သွင်းခဲ့ပြီး ပွဲချိန် ၆၃မိနစ်မှာ ဒီယက်ဇ်က လီဗာပူးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အဲ့ဒီနောက် ကလော့ပ်က ဆာလာနဲ့ မာတစ်ကို ထည့်သွင်း ကစားစေခဲ့ပြီး ပွဲချိန် ၈၈မိနစ်မှာတော့ လူစားဝင် တိုက်စစ်မှူး ဆာလာက နူနက်ဇ်ရဲ့ ပေးပို့မှုကနေ လီဗာပူးအတွက် ပွဲသိမ်းအနိုင်ဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့တာကြောင့် လီဗာပူးဟာ အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အိမ်အပြန် မျက်နှာပန်း လှခဲ့ပါတယ်။

LASK ၁-၃ လီဗာပူး ပွဲအပြီးမှာတော့ ကလော့ပ်က သူ ထည့်သွင်း ကစားခဲ့တဲ့ တိုက်စစ်မှူး ၃ဦးစလုံး ဂိုးသွင်းနိုင်ခဲ့တဲ့ အပေါ် အတော်လေး ပျော်ရွှင်နေပြီး သူတို့အသင်းရဲ့ တိုက်စစ်မှာ ဘယ်သူပဲ ကစားကစား သူတို့အသင်းရဲ့ တိုက်စစ်ဟာ ကြောက်စရာကောင်းအောင် ကောင်းမွန်ကြောင်း ပြောကြားလာပါတယ်။ ကလော့ပ်က – “ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းက တဖြည်းဖြည်းနဲ့ ကြောက်စရာကောင်းတဲ့ တိုက်စစ် ဖြစ်လာပါပြီ။ ကျွန်တော်တို့မှာ တိုက်စစ်မှူးကောင်းတွေ အများကြီး ရှိသလို သူတို့ရဲ့ စွမ်းဆောင်ရည်ကလည်း ကြောက်စရာ ကောင်းပါတယ်။ ဘယ်သူပဲ ပွဲထွက် ပွဲထွက် ၊ ဘယ်သူပဲ လူစားဝင် ကစား ကစား သူတို့တွေ အားလုံးက ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ သူတို့နဲ့ လေ့ကျင့်ရေးကွင်းမှာပဲ ပြိုင်ဘက်အဖြစ် ကစားရလို့ ပျော်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။