ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ကာရာဘောင်းဖိုင်နယ်မှာ အသင်းအတွက် နောက်ဆုံး ပင်နယ်တီကို ဝင်အောင် ကန်သွင်းပေးရင်း သူရဲကောင်း တဦး ဖြစ်လာခဲ့တဲ့ လူငယ် ဂိုးသမား ကယ်လယ်ဟာကို ပွဲအပြီးမှာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

လီဗာပူးဟာ ကာရာဘောင်းဖလား ဖိုင်နယ်အဖြစ် ချယ်လ်ဆီးနဲ့ ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ရာ သာမန် ပွဲကစားချိန်ရော ၊ အချိန်ပိုမှာပါ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ လီဗာပူးဘက်က ၁၁ဦးကန် ၁၁ဦးစလုံး ဂိုးသွင်းနိုင်ခဲ့ကာ ချယ်လ်ဆီးဘက်က ဂိုးသမား ကီပါက နောက်ဆုံး ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် လီဗာပူးဟာ သူတို့အသင်းရဲ့ သမိုင်းတလျှောက် ၉ကြိမ်မြောက် ကာရာဘောင်း ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ လီဗာပူးနဲ့ အမှတ်မထင် တောက်ပခဲ့သူက လူငယ် ဂိုးသမား ကယ်လယ်ဟာ ဖြစ်ပြီး ကယ်လယ်ဟာက ပွဲကစားချိန် အတွင်းမှာ ချယ်လ်ဆီးဘက်က ရရှိတဲ့ အပိုင် အခွင့်အရေး အတော်များများကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သလို အသင်းကို အနိုင်ရရှိစေမယ့် နောက်ဆုံး ပင်နယ်တီကိုလည်း တည်တည်ငြိမ်ငြိမ် ကန်သွင်းနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ကာရာဘောင်းဖိုင်နယ် အပြီးမှာတော့ လူငယ် ဂိုးသမား တဦး ဖြစ်ပေမယ့် ဗိုလ်လုပွဲ တပွဲရဲ့ ဖိအားတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့တဲ့ ကယ်လယ်ဟာ ဟာ သူ့ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Standard

ကလော့ပ်က – “တခါတလေတော့ ဘောလုံးလောကမှာလည်း စိတ်ခံစားမှုတွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရလေ့ ရှိပါတယ်။ ကယ်လယ်ဟာက ဒီပြိုင်ပွဲတလျှောက်လုံးမှာ အသင်းအတွက် ပါဝင် ကစားခွင့် ရခဲ့တဲ့ ဂိုးသမား တဦးပါ။ ဒါကြောင့် ကျွန်တော်က သူ့ကို ဘာလို့ ဖိုင်နယ်ရောက်မှ အနားပေးရမှာလဲ။ ဟုတ်တယ်မလား။ ကျွန်တော်က နည်းပြတယောက် ဖြစ်သလို လူသားတဦးလည်း ဖြစ်ပါတယ်။ ကလာဟဲကို ပွဲထွက်ခွင့် ပေးခဲ့တဲ့ ဆုံးဖြတ်ချက်က နည်းပြတဦးအနေနဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ လူသားတဦးအနေနဲ့ ဆုံးဖြတ်ခဲ့တာပါ။ အခုတော့ သူကလည်း ကျွန်တော့်ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။ ဒီပွဲရဲ့ ပွဲထွက်ခွင့်က သူနဲ့ ထိုက်တန်ခဲ့ပါတယ်” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။