MySport Myanmar

၂ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး နူနက်ဇ်ကို ချီးကျူးလိုက်တဲ့ ယာဂင် ကလော့ပ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ဟာ ဒီရာသီမှာ အရမ်းကို တိုးတက်လာကြောင်း ပွဲပြီးအင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် ကစားရ ခက်တဲ့ ဝက်စ်ဟမ်းကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ ဒါဝင် နူနက်ဇ်က ဆာလာ ၊ လူးဝစ် ဒီယက်ဇ်တို့နဲ့ တွဲဖက်ကာ လီဗာပူးရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Sky Sports

လီဗာပူးနဲ့ ဝက်စ်ဟမ်းတို့ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲက အတော်လေး အကြိတ်အနယ် ရှိခဲ့ပြီး ပွဲချိန် ၁၆မိနစ်မှာ ဆာလာက ပင်နယ်တီ ကနေ တဆင့် လီဗာပူး အတွက် အဖွင့်ဂိုးကို စတင် သွင်းယူပေးခဲ့ပေမယ့် ပွဲချိန် ၄၂မိနစ်မှာ ဘိုဝင်က ဝက်စ်ဟမ်း အတွက် ချေပဂိုးကို ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ နှစ်သင်းစလုံးက အနိုင်ဂိုး ရရှိရေး အတွက် ကြိုးစားခဲ့ကြပြီး ပွဲချိန် မိနစ် ၆၀မှာတော့ အယ်လစ္စတာရဲ့ လှပတဲ့ ခုတ်တင်ပေးမှုကို နူနက်ဇ်က မြေမကျ ကန်သွင်းကာ လီဗာပူး အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းပေးခဲ့ကာ ပွဲချိန် ၈၅မိနစ်မှာတော့ ဂျိုတာက လီဗာပူး အတွက် ပွဲသိမ်း အနိုင်ဂိုးကို သွင်းပေးခဲ့ပါတယ်။

Photo Credit: Euro Sports

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဒါဝင် နူနက်ဇ်က နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို ဒီရာသီမှာ ပြိုင်ပွဲစုံ ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး လီဗာပူးနည်းပြ ကလော့ပ်ကတော့ နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီကထက် အများကြီး တိုးတက်လာတယ်လို့ ချီးကျူးသွားပါတယ်။

ကလော့ပ်က – “နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပဲ အရမ်းကို တိုးတက်လာခဲ့တာပါ။ သူက ပြိုင်ဘက်တွေ အတွက် ခြိမ်းခြောက်မှု တခု ဖြစ်လာတယ်။ ခင်ဗျားတို့တွေ သူ့ရဲ့ ဂိုးကိုလည်း မြင်လိုက်ကြမှာပါ။ အဲ့ဒီဂိုးက အတော်လေး လှပတဲ့ဂိုးပါ။ ဟုတ်တယ်မလား။ ကန်ချက်က ပြင်းလည်း ပြင်းပါတယ်။ သူက အမြဲတမ်း အသင်းအတွက် ကစားပေးဖို့ အဆင်သင့် ဖြစ်နေတာပါ။ သူက အသင်းရဲ့ ခံစစ်ကြောင်းကိုလည်း ပိုပြီး ကူညီလာနိုင်ပါတယ်။ ဒါက သူ့ရဲ့ အကြီးမားဆုံး တိုးတက်မှုပါ။ သူက ခံစစ်ပိုင်းကို အမြဲတမ်း ကူညီချင်ခဲ့သလို အခုချိန်မှာ အသင်းဖော်တွေနဲ့ အတွဲညီညီ ကစားနိုင်လာပါပြီ” လို့ ပြောကြားကာ နူနက်ဇ်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version