ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ချယ်လ်ဆီးကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့ကာ ရမှတ် ၁မှတ်စီ ခွဲယူနိုင်ခဲ့လို့ ကျေနပ်မိကြောင်း ပွဲပြီး အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးနဲ့ ချယ်လ်ဆီးတို့က ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ နှစ်သင်းစလုံးက ရမှတ်တွေ လိုအပ်နေတာကြောင့် နည်းပြတွေရဲ့ စိတ်ကြိုက် ကစားသမားတွေ ၊ ကစားဟန်တွေနဲ့အတူ ပွဲထွက်လာခဲ့ကြပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးနဲ့ လီဗာပူးတို့ဟာ နောက်ဆုံးပွဲတွေမှာ ရလဒ်တွေ ဆိုးခဲ့တာကြောင့် နှစ်သင်းစလုံးက ဒီပွဲမှာ အနိုင်ရရှိရေး အတွက် ဦးတည် ကြိုးစားခဲ့ကြပေမယ့် နှစ်သင်းကြားမှာ ခြေစွမ်းကွာဟမှု ကျဉ်းမြောင်းနေတာကြောင့်ပဲ တသင်းပေါ် တသင်း အသာစီး ရဖို့ ခက်ခဲခဲ့ပြီး နောက်ဆုံးမှာ ဂိုးမရှိ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ရမှတ်တွေ လိုအပ်နေတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့က တမှတ်စီ ခွဲယူနိုင်ခဲ့ကြပြီး လီဗာပူးနည်းပြ ကလော့ပ်ကတော့ သူတို့အသင်းဟာ လိုချင်တဲ့ အနိုင်ရလဒ် မရခဲ့ပေမယ့် အဝေးကွင်းမှာ သရေတမှတ် ခွဲယူနိုင်ခဲ့တာကြောင့် ကျေနပ်မိကြောင်း ဆိုလာပါတယ်။

Photo Credit: Eurosports

ကလော့ပ်က – “ကျွန်တော်တို့နှစ်သင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗိုလ်လုပွဲ ၂ပွဲ အထိ ယှဉ်ပြိုင် ကစားခဲ့ကြသလို သာမန် ပွဲကစားချိန်တွေ အတွင်းမှာ ၀-၀ ဆိုတဲ့ ရလဒ်တွေပဲ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီ ၀-၀ နှစ်ပွဲဟာ ကျွန်တော့်ရဲ့ ဘဝမှာ မြင်တွေ့ဖူးတဲ့ ၀-၀ပွဲတွေထဲက အကောင်းဆုံးပွဲတွေပါပဲ။ ဒီနေ့မှာတော့ ယုံကြည်မှု အားနည်းနေတဲ့ အသင်းနှစ်သင်း ကစားခဲ့ကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့က အကောင်းဆုံး ကြိုးစား ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့က သရေတမှတ် အတွက် ကျေနပ်မိပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အတွက် ကျေနပ်စရာ ကောင်းတဲ့ အချက်တွေ အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ တိုက်ပွဲဝင်မှုတွေ အများကြီးလည်း လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့က ဒီပုံစံအတိုင်း ဆက်သွားဖို့ လိုပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။