ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ်ဖြစ်သူ ကလော့ပ်ကတော့ ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ဘရိုက်တန်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ ၃-၃ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးခဲ့ပြီးနောက် သူ့အသင်းရဲ့ ခံစစ်ကစားပုံဟာ အရမ်းကို ဆိုးရွားခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရာမှာလည်း ပုံမှန် ခြေစွမ်းကောင်းတရပ် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အိမ်ကွင်းမှာ ဘရိုက်တန်ရဲ့ နှစ်ဂိုးပြတ် ဦးဆောင်မှုကို ခံခဲ့ရကာ အဓိက တိုက်စစ်မှူး ဖာမီနိုရဲ့ သွင်းဂိုးတွေကြောင့်သာ မဟုတ်ရင် အရှုံးရလဒ်နဲ့ ရင်ဆိုင်ရတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ လီဗာပူးက ဖာမီနိုရဲ့ သွင်းဂိုး ၂ဂိုး ၊ ဘရိုက်တန် ခံစစ်မှူး ဝက်စတာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ကနေ ရလာတဲ့ OGဂိုး တဂိုးတို့ကြောင့် ၃ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဘရိုက်တန် အတွက် သွင်းဂိုး ၃ဂိုးစလုံးကိုတော့ အဓိက တိုက်စစ်ကစားသမား ထရော့ဆက်က သွင်းယူပေးခဲ့တာပါ။

လီဗာပူး ၃-၃ ဘရိုက်တန် ပွဲစဉ်အပြီးမှာတော့ လီဗာပူးနည်းပြ ကလော့ပ်က သူ့အသင်းရဲ့ ခံစစ်ကစားပုံကို အတော်လေး စိတ်ပျက်နေပြီး လီဗာပူးရဲ့ ခံစစ်ကစားပုံဟာ ဆိုးရွားခဲ့တာကြောင့် ပြိုင်ဘက်က အခွင့်အရေးတွေ အများကြီး ရရှိခဲ့တာလို့လည်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Standard

ကလော့ပ်က – “ကျွန်တော်တို့က ပေးလိုက်ရတဲ့ ပေးဂိုး ၃ဂိုးစလုံးမှာ ဒီထက် ပိုကောင်းတဲ့ ခံစစ်ကစားဟန်ကို ပြသနိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့က အဲ့ဒီ ပေးဂိုး ၃ဂိုးစလုံးမှာ နောက်ဆုံး ဂိုးသွင်းတော့မယ့်အချိန် မရောက်ခင်ထဲက တချို့နေရာတွေမှာ ဖျက်ထုတ်မှုတွေ လုပ်နိုင်ခဲ့သင့်ပေမယ့် မလုပ်နိုင်ခဲ့ကြပါဘူး။ ပြိုင်ဘက်အသင်းက နောက်ကျချေပဂိုးကို သွင်းယူပြီးတော့ ၃-၃ ဖြစ်သွားတဲ့ အချိန်မှာ ကျွန်တော်တို့က ရှုံးနိမ့်သွားသလိုကို ခံစားလိုက်ရတာပါ။ ကျွန်တော်တို့က တပွဲလုံး သူတို့ကို ဦးဆောင်နိုင်ဖို့ တိုက်ပွဲဝင်ခဲ့ရတာပါ။ ဒါကြောင့် မရှုံးခဲ့သည့်တိုင် ရှုံးနိမ့်သလို ခံစားနေရပါတယ်။ ကောင်လေးတွေက ဒီထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ပါတယ်။ ကျွန်တော့်အလုပ်ကလည်း သူတို့တွေ ပိုကောင်းလာအောင် ဦးဆောင် လမ်းပြပေးဖို့ပါ။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့ရဲ့ ခံစစ်ကစားပုံက အရမ်း အရမ်းကို ဆိုးရွားလွန်းခဲ့တာပါ” လို့ သူ့အသင်းရဲ့ ခံစစ်ကစားပုံကို အပြစ်တင် ဝေဖန်သွားခဲ့တာပါ။