ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးနဲ့ အေစီမီလန်တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အသင်းရဲ့ တိုက်စစ်မှူး အော်ရီဂီကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ မရှိခဲ့တဲ့ အတွက် အတော်လေး အံ့အားသင့်ခဲ့မိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်းနဲ့ အေစီမီလန်အသင်းတို့ဟာ ပွဲပြီးဆုံးချိန်အထိ ရေကုန်ရေခမ်း ယှဉ်ပြိုင် ကစားခဲ့ကြပြီး လီဗာပူးအသင်းက အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ အပြင်းကန်သွင်းချက်နဲ့အတူ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ဟာ ပွဲထွက် မကစားရတာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်တဲ့ အရန်တိုက်စစ်မှူး အော်ရီဂီကို ယုံယုံကြည်ကြည် နေရာပေးခဲ့ပြီး အော်ရီဂီကလည်း သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ပေမယ့် အသင်းဖော် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာလက်နဲ့ ဂျိုတာတို့ နေရာလွတ်တွေ ရရှိအောင် ဖန်တီးပေးနိုင်ခဲ့သလို အေစီမီလန်အသင်းရဲ့ ခံစစ်ကြောင်းကိုလည်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။

အော်ရီဂီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အရောင်းစာရင်း တင်ခံခဲ့ရတဲ့ ကစားသမားတွေထဲက တဦး ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်း မရှိတာကြောင့် အသင်းမှာသာ ဆက်လက် ကျန်နေခဲ့တာပါ။ အေစီမီလန်အသင်းနဲ့ ပွဲစဉ် အပြီးမှာတော့ လီဗာပူးနည်းပြ ကလော့ပ်က အော်ရီဂီလို ကစားသမားကောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်း မရှိတဲ့ အပေါ် အတော်လေး အံ့ဩမိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

အော်ရီဂီနဲ့ ပတ်သတ်ပြီး ကလော့ပ်က – “သူက အရမ်းကို ကောင်းတဲ့ ပွဲတပွဲကို ကစားခဲ့ပါတယ်။ လူတွေက သူ ဘယ်လောက်ထိ ကောင်းလဲ ဆိုတာကို မေ့နေကြပုံပါပဲ။ အခု ဖြစ်နေတဲ့ ပြဿနာက အသင်းမှာ သူ့ကို နေရာပေးဖို့ ခက်နေတာပါ။ သူက အတော်လေးကို ကောင်းတဲ့ တိုက်စစ်မှူးတဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာမယ်လို့ ကျွန်တော် ထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကမ်းလှမ်းမှု တခုမှကို မရခဲ့ပါဘူး။ ကြည့်ရတာ လူတွေက ဘောလုံးပွဲတွေကို ကောင်းကောင်း မကြည့်ကြတော့ဘူး ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။