ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဗီလာနဲ့ အာဆင်နယ် ပွဲစဉ်မှာ အိမ်ရှင် ဗီလာက အာဆင်နယ်ကို ဒုက္ခပေးနိုင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) အဖြစ် ဒီညမှာ ခရစ္စတယ် ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး နှစ်သင်းကြားမှာ ခြေစွမ်းပိုင်း ကွာဟချက် မြင့်မားနေတာကြောင့် လီဗာပူးက အဝေးကွင်းမှာ အလွယ်တကူပဲ နိုင်ပွဲ ရဖို့ ရှိနေပါတယ်။

Photo Credit: Live Score

တဖက်မှာတော့ အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်က အဆင့်(၃) ရထားတဲ့ ဗီလာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ဗီလာက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူထားတာကြောင့် အာဆင်နယ်က အဝေးကွင်းမှာ ရုန်းကန်ရနိုင်ပါတယ်။

လက်ရှိမှာ အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ရမှတ် ၃၆မှတ်နဲ့ အဆင့်(၁)နေရာမှာ ရှိနေပြီး ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ရမှတ် ၃၄မှတ်နဲ့ အဆင့်(၂)နေရာမှာ ရှိနေတာကြောင့် ဒီနေ့ညမှာသာ လီဗာပူးက နိုင်ပွဲ ရကာ အာဆင်နယ်ဟာ သရေ (သို့) ရှုံးပွဲ ကြုံခဲ့မယ် ဆိုရင် လီဗာပူးဟာ အဆင့်(၁)နေရာကို သိမ်းပိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ လီဗာပူးနည်းပြချုပ် ယာဂင် ကလော့ပ်က ဗီလာနဲ့ ကစားရမယ့် အာဆင်နယ်ကို ဖိအားပေးတဲ့ အနေနဲ့ ဗီလာဟာ အာဆင်နယ်ကို ဖိအားပေးနိုင်တယ်လို့ ပဲလေ့စ်နဲ့ လီဗာပူး ပွဲစဉ်အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ သုံးသပ်စကား ပြောကြားသွားခဲ့တာပါ။

ကလော့ပ်က – “ကျွန်တော်တို့အသင်းက အာဆင်နယ်ကို ဖိအားပေးစရာ မလိုပါဘူး။ သူတို့က ဒီတပတ်မှာ ဗီလာနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။ (ဗီလာက အာဆင်နယ်ကို ဖိအားပေးလိမ့်မယ်လို့ ဆိုလိုလျက်) ဒါပေမယ့် ကျွန်တော်က အိမ်မှာ ရှိတဲ့ ဆိုဖာပေါ်မှာ ထိုင်ရင်း တနင်္ဂနွေနေ့ ပွဲတွေကို ကြည့်ရှုသွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။