ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူတို့အသင်းဟာ လာမယ့်နှစ် အတွက် ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ပေမယ့် ဘာမှမဖြစ်ပဲ ယူရိုပါလိဂ်ဝင်ခွင့် ရခဲ့တဲ့ အပေါ် ကျေနပ်မိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့သလို ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကိုပါ ဆွတ်ခူးနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့် ကနေ ထွက်ခဲ့ရသလို ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ရဲ့ ချန်ပီယံဘွဲ့တွေကိုလည်း မကာကွယ်နိုင်ခဲ့ပါဘူး။

Photo Credit: Standard

ဒါ့အပြင် လီဗာပူးက ရာသီကုန်ခါနီးမှသာ ရလဒ်ကောင်းတွေ ရလာခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၅နေရာနဲ့သာ ရာသီသိမ်းနိုင်တော့မှာ ဖြစ်ပြီး လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်အစား ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ ယှဉ်ပြိုင် ကစားရတော့မှာပါ။

လီဗာပူးက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် အသင်းရဲ့ ဝင်ငွေပိုင်းက အတော်လေး လျော့နည်းသွားခဲ့သလို လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ခက်ခဲသွားပေမယ့် လီဗာပူးနည်းပြ ကလော့ပ်ကတော့ ယူရိုပါလိဂ်ပြိုင်ပွဲကလည်း ဥရောပပြိုင်ပွဲပဲ ဖြစ်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မရတဲ့ အပေါ် ဘာမှမခံစားရကြောင်း ဆိုလာပါတယ်။

Photo Credit: Metro

ကလော့ပ်က – “ကျွန်တော်တို့က လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရဦးမှာပါပဲ။ ကျွန်တော်တို့က အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့မှာ မကစားရတာပဲ ရှိတာပါ။ ကျွန်တော်တို့က ယူရိုပါလိဂ်ပြိုင်ပွဲ ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ကစားရဖို့ ရှိပေမယ့် ဘာမှ ထွေထွေထူးထူး ခံစားရတာမျိုး မရှိပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။