ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူတို့အသင်းရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေဟာ လာမယ့် နွေဈေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် ယခုချိန်ထဲက ကစားသမားတွေနဲ့ စတင် ညှိနှိုင်းနေပြီ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလား ၄လုံး တပြိုင်နက်ထဲ ရယူနိုင်ဖို့ အထိ နီးစပ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အဓိက ကစားသမားတွေ ခြေစွမ်းကျဆင်းမှု ၊ ဒဏ်ရာပြဿနာ များပြားမှုတို့ကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရကာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့တောင် မရေရာတဲ့ အနေအထားဆီ ရောက်နေပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ အသင်းကို သွေးသစ် ပြန်လောင်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး ချိန်ဘာလိန် ၊ နာဘီကီတာ ၊ မီလ်နာ ၊ ဖာမီနို ၊ အာသာ (အငှား) စတဲ့ ကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ရှိနေသလို ဂိုးမက်စ် ၊ ဆီမီကတ်စ် စတဲ့ ကစားသမားတွေကိုလည်း ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

လီဗာပူးက အသင်းမှာ ရှိတဲ့ ကစားသမားတွေကို လက်လွှတ်တာ ၊ ရောင်းချတာတွေ လုပ်ဖို့ ဆုံးဖြတ်ထားသလို တဖက်မှာလည်း အသင်းဆီ ခေါ်ယူမယ့် ကစားသမားတွေကို စတင် ရှာဖွေနေပြီး လီဗာပူးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေကလည်း သူတို့လိုချင်တဲ့ ကစားသမားတွေရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေကြပါတယ်။

Photo Credit: Mirror

လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်ကလည်း သူတို့အသင်းဟာ လာမယ့် နွေဈေးကွက်မှာ ခေါ်ယူမယ့် ကစားသမားတွေကို စတင် ချိတ်ဆက်နေပြီ ဖြစ်ကြောင်းနဲ့ ပရိသတ်တွေဘက်က စိတ်အေးအေးနဲ့ နေလို့ ရပြီ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

ယာဂင် ကလော့ပ်က – “ကျွန်တော်တို့က လာမယ့်ရာသီ အတွက် ပြင်ဆင်မှုတွေ စလုပ်နေပါပြီ။ ကျွန်တော်တို့ရဲ့ ကြားထဲမှာ စကားပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေက အလုပ်များနေကြပါပြီ။ ကစားသမားတွေကလည်း အဆင်ပြေပြေပါပဲ။ ကျွန်တော်တို့က အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။ ဒါပေမယ့် သေချာတဲ့ ဆုံးဖြတ်ချက်တွေတော့ မချရသေးပါဘူး။ ခင်ဗျားတို့တွေ တွေးကြသလိုပဲ ကျွန်တော်တို့က အလုပ်များနေပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။