ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်ကတော့ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းကမှ ဘင်ဖီကာကနေ သူတို့အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ဟာ ပြောင်းရွှေ့ကြေးရဲ့ ဖိအားဒဏ်တွေကို ခံနေရကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘင်ဖီကာနဲ့အတူ ခြေစွမ်းကောင်းတွေ သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးရဲ့ အားကိုးတကြီးနဲ့ ခေါ်ယူမှုကို ခံခဲ့ရသူ ဖြစ်ပြီး လီဗာပူးက သူ့အတွက် ပြောင်းရွှေ့ကြေး စုစုပေါင်း ယူရို ၁၀၀သန်း နီးပါး အထိ သုံးစွဲခဲ့ရပါတယ်။

Photo Credit: Team Talk

လီဗာပူးက နူနက်ဇ် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် သုံးစွဲခဲ့ပေမယ့် နူနက်ဇ်ကတော့ ယခုအချိန်မှာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို မပြသနိုင်သေးပဲ လီဗာပူးအတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုးသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ်သာ ရရှိထားပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက နူနက်ဇ်ကို မန်ချက်စတာ စီးတီးထံ ယခုနှစ် ဘောလုံးရာသီမှ ရောက်ရှိလာကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အာလင်း ဟာလန်းနဲ့ နှိုင်းယှဉ်ကာ ဝေဖန်မှုတွေ ပြုလုပ်နေကြပြီး ကလော့ပ်ကလည်း နူနက်ဇ် တယောက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာကို လက်ခံခဲ့ကာ နူနက်ဇ်ဟာ ပြောင်းရွှေ့ကြေးရဲ့ ဖိအားဒဏ်ကို ခံစားနေရပုံပေါ်ကြောင်းနဲ့ အဆိုပါ ဖိအားတွေကို ခေါင်းထဲ မထည့်ဖို့ လိုအပ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Team Talk

ကလော့ပ်က – “ကျွန်တော်ကတော့ နူနက်ဇ်ဟာ သူ့ကိုယ်သူ ဖိအားတွေ ပေးမိနေတယ်လို့ မြင်ပါတယ်။ သူက ပြောင်းရွှေ့ကြေးကို ခေါင်းထဲ ထည့်ပြီး အဲ့ဒီအရာကြောင့်ပဲ အာရုံနောက်နေတာပါ။ ဒီအတွက် ကျွန်တော်က သူ့ကို အကြံပေးချင်တာဟာ စိတ်အေးအေး ထားဖို့ပါပဲ။ ဒါပေမယ့် အခုချိန်မှာ သူ့ရဲ့ လှုပ်ရှားမှုနဲ့ နေရာယူမှုတွေက အတော်လေးကို ကောင်းနေပါတယ်။ ဒါကြောင့် သူ့အတွက် သိပ်ပြီးတော့ စိတ်မပူပါဘူး။ သူ့ရဲ့ အဆုံးသတ်ပိုင်း အကြောင်းကို ပြောရမယ် ဆိုရင်တော့ ခင်ဗျားတို့တွေ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ အဆုံးသတ်ကို မြင်ရရင် Oh My God ဆိုပြီးလို့တောင် အော်မိသွားပါလိမ့်မယ်” လို့ သူ့တိုက်စစ်မှူးရဲ့ အကြောင်းတွေကို သေသေချာချာ ရှင်းပြသွားခဲ့တာပါ။