လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ မန်ယူအသင်းရဲ့ ပရီးမီးယား လိဂ် ပြိုင်ပွဲမှာ စိုးမိုးမှုကို အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ပြောကြားခဲ့ပြီး မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားကိုလည်း ကစားသမား ဝယ်ယူရာမှာ တော်ပါတယ်လို့ ချီးကျူးသွားပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နောက်ထပ် ရမှတ် (၆) မှတ် ရရှိမယ် ဆိုရင် ပရီးမီးယားလိဂ် ဖလားကို ရရှိတော့မှာ ဖြစ်ပြီး ယနေ့ည (၁၂း၃၀) အချိန်မှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) ကို အဝေးကွင်းမှာ ကစားသွားရမှာ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ အဆင့် (၂) နေရာက နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို ရမှတ် (၂၅) မှတ် ဖြတ်ပြီး ဖိအားပေးတဲ့ အသင်းမရှိဘဲနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေရပါတယ်။ လီဗာပူးလ်အသင်းဟာ ယနေ့ည ကစားမယ့် ပွဲစဉ်မှာ အဲဗာတန်အသင်းကို အနိုင်ရရှိပြီး လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ထပ်ပြီး အနိုင်ရရှိမယ် ဆိုရင် ပရီးမီးယားလိဂ် ဆုဖလား ရရှိမှာ ဖြစ်ပြီး နည်းပြ ကလော့ပ်က မန်ယူအသင်းရဲ့ စိုးမိုးမှုကို အစားမထိုးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်က “ကျွန်တော် အပွင့်လင့်ဆုံး ပြောရမယ် ဆိုရင် ဒီထက် ပိုပြီး စိုးမိုးဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ မန်ယူအသင်းက သိပ်ကို ကောင်းမွန်တဲ့ ပေါင်းစဉ်မှုပါပဲ။ သူတို့ရဲ့ နည်းပြက ကစားသမားတွေ ဝယ်ယူရာမှာ အမြော်အမြင် ရှိပြီး အသင်းတစ်သင်းမှာ ကစားသမားတစ်ဦး အချိန် ဘယ်လောက်ကြာ လိုအပ်သလဲ ဆိုတာကို သိတယ်။ သူ ရှာတဲ့ ကစားသမားက အမြဲတမ်း ကောင်းပါတယ်။ နောက်ပြီး သူတို့က ငွေကြေးလည်း ရှိကြပါတယ်။ မန်ယူအသင်းရဲ့ ပေါင်းစပ်မှုက တကယ် ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိအချိန်အထိ ကောင်းတဲ့ အရာတွေကို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲဒါတွေကို လုပ်ဖို့ လိုအပ်နေခဲ့လိုပါပဲ။ ဆက်လက် အောင်မြင်ဖို့ ဆိုရင် ကောင်းတဲ့ အရာတွေကို လုပ်ရပါမယ်”လို့ ပြောသွားခဲ့ပါတယ်။