ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ချန်ပီယံလိဂ် အုပ်စု ပထမအကျော့ ပွဲစဉ်မှာ သူတို့အသင်းကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိထားတဲ့ နာပိုလီဟာ ယခုနှစ်ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ဆီ တက်လှမ်းနိုင်တဲ့ အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

လီဗာပူးနဲ့ နာပိုလီတို့က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု(A) အတွင်းမှာ အေဂျက် ၊ ရိန်းဂျား စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေရာ နာပိုလီက ကစားခဲ့တဲ့ ပွဲတိုင်းကို အနိုင်ရထားသလို လီဗာပူးကလည်း နာပိုလီကို ရှုံးနိမ့်ခဲ့တဲ့ပွဲကလွဲရင် ကျန်ပွဲအားလုံးကို အနိုင်ရခဲ့တာကြောင့် နှစ်သင်းစလုံးဟာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းထားနိုင်ပါတယ်။

Photo Credit: Sport Bible

လီဗာပူးနဲ့ နာပိုလီတို့က မနက်ဖြန်ည ၂နာရီခွဲ အချိန်မှာ အုပ်စုနောက်ဆုံးပွဲကို ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး လီဗာပူးက ရှုံးထွက်အဆင့်ဆီ အုပ်စု ပထမနေရာနဲ့ တက်လှမ်းနိုင်ဖို့ အတွက် မျှော်လင့်ချက် ရှိနေသေးတာကြောင့် အဆိုပါပွဲဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးက အုပ်စုပထမနေရာ ရဖို့ အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ နာပိုလီကို အိမ်ကွင်းမှာ ၄-၀ ဆိုတဲ့ ရလဒ် (သို့) ၄ဂိုးပြတ် နိုင်ပွဲတပွဲ ရဖို့ လိုအပ်နေပြီး နာပိုလီကတော့ အနိမ့်ဆုံး ၃ဂိုးပြတ်နဲ့ ရှုံးရင်တောင် အုပ်စုပထမနေရာကို ဆက်လက် သိမ်းပိုက်နိုင်ဖို့ ရှိနေပါတယ်။

Photo Credit: Sport Bible

ဒါကြောင့်ပဲ လီဗာပူးနဲ့ နာပိုလီတို့ရဲ့ ပွဲစဉ်က စောင့်ကြည့်ရမယ့် ပွဲတပွဲ ဖြစ်ပြီး လီဗာပူးနည်းပြ ကလော့ပ်ကတော့ ပထမအကျော့မှာ သူတို့အသင်းကို ဂိုးပြတ်နိုင်ထားတဲ့ နာပိုလီဟာ အရည်အသွေးမြင့် ကစားသမားတွေနဲ့ စုဖွဲ့ထားပြီး ချန်ပီယံလိဂ် ဖိုင်နယ်ဆီ တက်လှမ်းနိုင်စွမ်း ရှိတဲ့ အသင်းကောင်း တသင်း ဖြစ်ကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချီးကျူးသွားခဲ့ပါတယ်။

ကလော့ပ်က – “တကယ်လို့ နာပိုလီကသာ ဒီခြေစွမ်းကို ဆက်ပြီး ထိန်းထားနိုင်မယ် ဆိုရင် သူတို့က ချန်ပီယံလိဂ် ဖိုင်နယ်ဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေးတွေ ပိုင်ဆိုင်ထားတယ်လို့ မြင်ပါတယ်။ နာပိုလီက တကယ် ကောင်းတဲ့ ထိပ်တန်းအသင်း တသင်းပါ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။