ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ တယောက်လျော့ အာဆင်နယ်အသင်းကို သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့တာက တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဖြစ် လီဗာပူးအသင်းရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တဖက်နဲ့ တဖက် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပဲ ၀-၀ ဆိုတဲ့ ရလဒ်နဲ့ သရေကျခဲ့ပါတယ်။

Photo Credit: The Sun

အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ချာကာဟာ ပွဲကစားချိန် ၂၄မိနစ်မှာထဲက လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဂျိုတာအပေါ် ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး လီဗာပူးအသင်းအနေနဲ့ မိနစ် ၆၀ကျော် တယောက်အသာနဲ့ ကစားခွင့် ရခဲ့ပေမယ့် အာဆင်နယ်အသင်းကို အနိုင်မယူနိုင်ခဲ့တာကြောင့် ဒုတိယအကျော့ အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်မှာတော့ ရုန်းကန်ရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကလည်း တယောက်လျော့ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ အနိုင်မယူနိုင်ခဲ့တဲ့ အတွက် အတော်လေးကို စိတ်ပျက်နေပြီး အာဖရိကဖလား ပြိုင်ပွဲဆီ သွားရောက်နေကြတဲ့ မာနေးနဲ့ ဆာလာတို့ကို လွမ်းဆွတ်မိကြောင်းလည်း ပွဲအပြီးမှာ ငြီးတွားသွားခဲ့ပါတယ်။

Photo Credit: The Sun

ကလော့ပ်က – “ကျွန်တော်ကတော့ ဘယ်အသင်းပဲဖြစ်ဖြစ် မာနေးနဲ့ ဆာလာတို့လို တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားရက်နဲ့ မသုံးရဘူး ဆိုရင် သူတို့ကို လွမ်းနေကြမယ်လို့ ယုံကြည်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကွက်လပ်ကို တခြားနည်းလမ်းတွေနဲ့ ဖာထေးဖို့ ကြိုးစားနိုင်မလား ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့တွေ သိထားပြီးသားပါ။ ဒါပေမယ့် ဒီနေ့ညမှာ ကစားခဲ့ရတဲ့ အသင်းကလည်း သွင်းဂိုးတွေ သွင်းယူနိုင်တဲ့ အရည်အချင်း အပြည့်အဝ ရှိပါတယ်” လို့ ပြောကြားခဲ့တာပါ။