ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ဟာ ဘွန်ဒက်လီဂါ နာမည်ကြီးအသင်း ဖြစ်တဲ့ ရက်ဘူးလ်လစ်ဇက်အသင်းရဲ့ ဂျာမန်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဂျာမန်အခြေစိုက် သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမဏီသား တီမိုဝါနာဟာ လက်ရှိ ဘောလုံးရာသီမှာဆိုရင် လစ်ဇက်အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ကာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ လစ်ဇက် အသင်းကနေ ထွက်ခွာကာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကို ပြောင်းရွှေ့ချင်တယ်လို့ ဝန်ခံထားသူပါ​။

Photo Credit: Express

အသက်၂၄နှစ်အရွယ် တီမိုဝါနာဟာ လက်ရှိ ဘွန်ဒက်လီဂါ ဘောလုံးရာသီမှာ လစ်ဇက် အသင်းအတွက် ၂၇ပွဲ ပါဝင် ကစားပေးထားရာမှာ ၂၄ဂိုးသွင်းယူထားနိုင်ပြီး ၇ဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။ ဒါ့ကြောင့်လည်း တီမိုဝါနာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ယူ ၊ ချယ်လ်ဆီး ၊ လီဗာပူးတို့ အပြင် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ၊ စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် နောက်ဆုံး သိရှိထားရတဲ့ သတင်းတွေအရတော့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ တီမိုဝါနာကို ခေါ်ယူဖို့အတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ Sport Bild သတင်းဌာနရဲ့ အဆိုအရတော့ လီဗာပူး အသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ်ဟာ ပြီးခဲ့တဲ့ အီစတာပွဲတော်နေ့ရက် ဖြစ်တဲ့ ဧပြီလ ၁၂ရက်နေ့မှာ တီမိုဝါနာဆီကို လူမှုကွန်ယက် ကနေ တဆင့် ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဂျာမဏီနည်းပြတစ်ဦး ဖြစ်တဲ့ ဂျာဂင်ကလော့ပ်ဟာ ဘွန်ဒက်လီဂါ အခြေစိုက် ကစားသမားတွေကို ခေါ်ယူရာမှာ ကျွမ်းကျင်သူ ဖြစ်ပြီး ဘောလုံးကျွမ်းကျင်သူတွေကတော​့ တီမိုဝါနာဟာ နွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးအသင်းထံကိုသာ ပြောင်းရွှေ့သွားလိမ့်မယ်လို့ သုံးသပ် ပြောဆိုထားကြပါတယ်။ တီမိုဝါနာကို ဇူလိုင်လ ၁ရက်နေ့ မတိုင်မီ ခေါ်ယူခဲ့ပါက သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို၅၀သန်းသာ ရှိမယ်လို့လည်း သိရပါတယ်။