ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယမန်နေ့မှာ ပေးအပ်ချီးမြှင့်ခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီက ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ကျော်ပြီး ရွှေဘောလုံးဆု ရရှိသွားခဲ့တာဟာ မသမာမှု တခုပဲလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ယမန်နေ့ညက ပေးအပ် ချီးမြှင့်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ဘိုင်ယန်မြူးနစ်နဲ့ ပိုလန် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို မဲအရေအတွက် အနည်းငယ် အသာနဲ့ ကျော်ဖြတ်ကာ ရွှေဘောလုံးဆုကို ရရှိခဲ့ပါတယ်။

Photo Credit: Caught Offside

လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဥရောပရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ဘောလုံးသမား ဖြစ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ ပြည်တွင်းဆုဖလားတွေကိုသာ ရရှိခဲ့တာကြောင့် အာဂျင်တီးနားနဲ့ အတူ ကိုပါအမေရိကဖလား ရရှိခဲ့တဲ့ မက်ဆီက ရွှေဘောလုံးဆုကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါပေမယ့် ယခုချိန်အထိ မက်ဆီ တယောက် ရွှေဘောလုံးဆုကို ရရှိသွားတာဟာ မဖြစ်သင့်ကြောင်း ဝေဖန်မှုတွေ အများအပြား ထွက်ပေါ်နေဆဲ ဖြစ်ပြီး လီဝမ်ဒေါစကီးရဲ့ ဆရာဟောင်း တဦး ဖြစ်သူ ဂျာဂင် ကလော့ပ်ကလည်း လီဝမ်ဒေါစကီးကို ကျော်ကာ မက်ဆီကို ရွှေဘောလုံးဆု ပေးခဲ့တဲ့ ဆုံးဖြတ်ချက်မှာ မသမာမှုတွေ ပါဝင်နိုင်ကြောင်း သုံးသပ် ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Caught Offside

ကလော့ပ်က – “ ခင်ဗျားတို့က မက်ဆီရဲ့ ကစားသမားဘဝ ဖြတ်သန်းမှုနဲ့ သူဟာ ဘယ်လို ကစားသမားမျိုးလဲ ဆိုတာကို ကြည့်ရုံနဲ့တင် သူ့ကို ဒီလိုဆုတွေ အများကြီး ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ခင်ဗျားတို့က လီဝမ်ဒေါစကီးကို ရွှေဘောလုံးဆု မပေးဘူး ဆိုရင် ဒီကိစ္စရဲ့ နောက်ကွယ်မှာ အလိမ်အညာ အနည်းငယ် ရှိနေပြီလို့ ပြောရမှာပါ။ ပြီးတော့ ဆာလာရဲ့ ရပ်တည်မှုကလည်း ဒီထက်ပိုပြီး မြင့်မားသင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။