လီဗာပူးလ်အသင်းရဲ့ နည်းပြ ကလော့ပ်ကတော့ မန်စီးတီးအသင်းအနေနဲ့ နောက်နှစ်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့် ရရှိမှာ ဖြစ်လို့ ပျော်ရွင်တယ်လို့ ပြောခဲ့ပေမယ့် မန်စီးတီးအသင်းရဲ့ အယူခံဝင်မှု အောင်မြင်တဲ့ နေ့က ဘောလုံးလောကအတွက် မကောင်းတဲ့ နေ့ ဖြစ်တယ်လို့ ပြောခဲပါတယ်။ မန်စီးတီးအသင်းဟာ FFP လို့ ခေါ်တဲ့ ဘဏ္ဍရေး စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ (၂) နှစ်ကြာ ကစားခွင့် ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့ UEFA က ပိတ်ပင်ခဲ့ပေမယ့်လည်း အယူခံဝင်မှု အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာတော့ အသင်းရဲ့ သမိုး တစ်လျှောက်မှာ ပထမဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကလည်း ဥရောပ တစ်ခွင်မှာ အကြီးမားဆုံး ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ကျန် ပွဲစဉ်တွေ အားလုံးကို အနိုင်ရရှိမယ် ဆိုရင် မန်စီးတီးအသင်းရဲ့ စံချိန်ကို ချိုးဖျက်ပြီး ပရီးမီးယားလိဂ် ဆုဖလားကို ရမှတ် အများဆုံးနဲ့ ရရှိတဲ့ အသင်း ဖြစ်လာမှာ ဖြစ်ပြီး နည်းပြ ကလော့ပ်ရဲ့ မန်စီးတီးရဲ့ အယူခံဝင်မှုကို ဆွေးနွေးသွားခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ အာဆင်နယ်အသင်းနဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ မန်စီးတီးအသင်းရဲ့ အယူခံဝင်မှု ဆုံးဖြတ်ချက်ကို ဘယ်လို မြင်ပါသလဲလို့ အမေးခံရတဲ့ အချိန်မှာ “ကျွန်တော် ဒါကို ဖြေနိုင်မလား ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါက အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရ မန်စီးတီးအသင်းအနေနဲ့ နောက်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့်ရမှာ ဖြစ်တော့ ကျွန်တော် ပျော်ရွှွင်ပါတယ်။ သူတို့ အခု ပရီးမီးယားလိဂ်မှာ ပွဲစဉ် (၁၀) ပွဲ၊ (၁၂) ပွဲ နည်းပြီး ကစားတာ မဟုတ်ပါဘူး။ အခြားဘယ်အသင်းမှ လိဂ်ပြိုင်ပွဲမှာ အဲဒီလို အခွင့်အရေး မရရှိကြပါဘူး။ မနေ့ကတော့ ဘောလုံး လောကအတွက် ကောင်းတဲ့ နေ့ တစ်နေ့ ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘဏ္ဍရေး မျှခြေ စည်းမျဉ်းက သိပ်ကောင်းတဲ့ စိတ်ကူးပါပဲ။ ဒါက အသင်းတွေ နဲ့ ပြိုင်ပွဲကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်”လို့ အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။