လီဗာပူးလ်အသင်းရဲ့ နည်းပြဖြစ်သူ ယာဂန်ကလော့က ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းနဲ့ လမ်းခွဲဖို့အထိပါ ပြင်ဆင်လျက်ရှိနေတဲ့ ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို အသင်းမှာပဲ ဆက်လက်ရှိနေစေဖို့အတွက် စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းမှုကို နောက်ဆုံးတစ်ကြိမ် ထပ်မံကြိုးပမ်းသွားဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ 90Min သတင်းဌာနာကနေ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : The Times

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ ၂၀၁၆ခုနှစ်ကတည်းက နယူးကာဆဲလ်အသင်းကနေ လီဗာပူးလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြယာဂန်ကလော့ရဲ့လက်အောက်မှာ အသင်းရဲ့အဓိက အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့သလို အသင်းနဲ့လည်း ချန်ပီယံလိဂ် ပရီးမီးယားလိဂ် အစရှိတဲ့ အဓိကဆုဖလားများစွာကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝိုင်နယ်ဒန်ရဲ့ စာချုပ်သက်တမ်းက ဒီရာသီအကုန်မှာပဲ ကုန်ဆုံးတော့မှာဖြစ်တဲ့အပြင် ကစားသမားဘက်ကလည်း အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် အသင်းဘက်ကနေ သူ့ကို သက်တမ်းတိုးဖို့အတွက် နောက်ဆုံးတစ်ကြိမ် ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Vbet News

ဝိုင်နယ်ဒန်ဟာ ဘာစီလိုနာအသင်းကို နယ်သာလန်လက်ရွေးစင်အသင်းရဲ့နည်းပြဟောင်း ရော်နယ်ကိုးမန်း စတင်ကိုင်တွယ်ချိန်မှာပဲ ဘာစီလိုနာနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တာဖြစ်သလို ကိုးမန်းကလည်း သူရဲ့တပည့်ဟောင်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီး ဖြစ်လို့နေတဲ့ ဝိုင်နယ်ဒန်ကို ဘာစီလိုနာအသင်းအပြင် ပီအက်စ်ဂျီ အင်တာမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတွေကပါ အပြိုင်အဆိုင် ပစ်မှတ်ထားလာခဲ့တာကြောင့် လီဗာပူးလ်ဘက်ကနေလည်း သူတို့ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှံးရစေဖို့အတွက် စာချုပ်သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။ တကယ်တော့ ဝိုင်နယ်ဒန်ကို စာချုပ်သက်တမ်းတိုးဖို့အတွက် လီဗာပူးလ်အသင်းပိုင်ရှင်တွေဘက်က ဆန္ဒမရှိ ဖြစ်နေပေမယ့်လည်း အသင်းအတွက် အရေးပါတဲ့ ကစားသမားကို မဆုံးရှုံးချင်တဲ့ နည်းပြယာဂန်ကလော့ကြောင့် ဝိုင်နယ်ဒန်ကို (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို နောက်ဆုံးအကြိမ်အဖြစ်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေတာဖြစ်ပါတယ်။