လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် ကတော့ ကိုရိုနာဗိုင်းရပ် ဂယက်ကြောင့် ဘောလုံးကွင်းတွေထဲကို ပရိသတ်တွေအနေနဲ့ ဝင်ပြီး ကြည့်ရှုခွင့်မရတာဟာ ဘောလုံးအသင်းတွေကို ကြီးကြီးမားမား ထိခိုက် နစ်နာစေတယ်လို့ ဝန်ခံလိုက်ပါတယ်။ လီဗာပူးအသင်းဟာ နှစ်ပေါင်း များစွာ ဝေးကွာနေတဲ့ အင်္ဂလန်နိုင်ငံရဲ့ အဆင့် အမြင့်ဆုံး အမှတ်ပေးဖလားကို ယခုနှစ်မှာ ရယူဖို့ ခြေလှမ်းတစ်လှမ်းသာ လိုအပ်တော့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည် ကျင်းပချိန်မှာ အဆိုပါ ခြေလှမ်းကို အမိအရ လှမ်းကာ အမှတ်ပေးဖလားကို သိမ်းပိုက်တော့မှာ ဖြစ်ပေမယ့် အသင်းရဲ့ ပရိသတ်တွေနဲ့အတူတူ အောင်ပွဲခံ အခမ်းအနားကို ပြုလုပ်ခွင့် ရမှာတော့ မဟုတ်ပါဘူး။

Photo Credit: Sky Sports

ဒါ့အပြင် ပရိသတ်တွေ ကွင်းအတွင်းကို ဝင်ပြီး အားပေးခွင့် မရတာဟာ အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေကိုပါ ထိခိုက်စေပြီး မိမိတို့အသင်းဟာလည်း နွေရာသီမှာ ကစားသမား ဝယ်ယူဖို့ မလွယ်ကူဘူးလို့ Sky Germany နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကလော့ပ်က ဝန်ခံသွားပါတယ်။ လတ်တလောမှာ လီဗာပူးအသင်းဟာ ဂျာမဏီ ကစားသမားတွေ ဖြစ်တဲ့ တီမိုဝါနာ ၊ ဟားဗက် တို့ကို ခေါ်ယူဖို့အတွက် သတင်းကြီးနေခဲ့ပေမယ့် တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့ဖို့ အလွန်ကို နီးကပ်နေပြီ ဖြစ်သလို ကိုင် ဟားဗက်ဟာလည်း မန်ယူ ၊ ရီးရဲလ် ၊ ဘိုင်ယန် မြူးနစ်အသင်းတို့ထံ ရောက်ရှိဖို့ ရှိနေကာ အဆိုပါ အခြေအနေတွေနဲ့ ပတ်သတ်ပြီး ကလော့ပ် က သူတို့အသင်းဟာ နွေရာသီ စျေးကွက်မှာ ကစားသမားသစ်တွေကို ဝယ်ယူဖို့ မသေချာဘူးလို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

လီဗာပူးအသင်းရဲ့ နွေစျေးကွက် လှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး ကလော့ပ်က ” ဒီကမ္ဘာမှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ တီမိုဝါနာဟာ အရမ်းကောင်းတဲ့ ကစားသမားပါ။ ဟားဗက်ဟာလည်း အရမ်းကောင်းတဲ့ ကစားသမားပါပဲ။ အခုချိန်မှာတော့ အင်္ဂလန်အသင်းတွေနဲ့ ပတ်သတ်ပြီး ကောလဟာလတွေ အများကြီး ထွက်လို့ နေပါတယ်။ မန်ယူအသင်းဟာ ဘယ်သူ့ကို ခေါ်ဖို့ လုပ်နေပြီ။ ချယ်လ်ဆီးအသင်း ဟာ ဘယ်သူ့ကို ခေါ်ဖို့ လုပ်နေပြီ။ အဲ့ဒီလိုတွေ သတင်းထွက်နေပါတယ်။ လီဗာပူးအသင်းနဲ့ ပတ်သတ်ရင်တော့ အဲ့ဒီလိုသတင်းတွေ များများစားစား ထွက်လေ့မရှိပါဘူး။ တကယ်လို့ ခင်ဗျားက ပုံမှန်အလုပ်တွေ(အပြောင်းအရွှေ့များ)ကို လုပ်သွားဖို့ဆိုရင် ခင်ဗျားမှာ ဝင်ငွေဘယ်လောက် ရလဲဆိုတာကို တွက်ချက်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ခင်ဗျား ဘယ်လောက် ပြန်ရမလဲဆိုပြီးပေါ့။ အထူးသဖြင့် အခုလို အခြေအနေမှာ ပိုပြီးသတိထားဖို့ လိုပါတယ်။ ဘယ်အချိန်မှ ဘောလုံးကွင်းထဲကို ပရိသတ်တွေ ရောက်လာမလဲဆိုတာ မသိရသေးပါဘူး။ အခုက ဘောလုံးအသင်းတွေ အားလုံး ငွေကြေး ဆုံးရှုံးနေရတဲ​့ကာလလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။ ပရိသတ်တွေ ကြည့်ရှုခွင့် မရှိရင် ကျွန်တော်တို့ဟာ တစ်ရာသီစာ လက်မှတ် ဝယ်ထားတဲ့သူတွေကို ငွေပြန်အမ်းရမယ်။ ပြီးတော့ နောက်ရာသီမှာ အဲ့ဒီလို လက်မှတ်တွေ မရောင်းရတာဟာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။