ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၄)မှာ လီဗာပူးက ဘုန်းမောက်ကို ၉ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းရဲ့ ပြီးပြည့်စုံတဲ့ ခြေစွမ်းတွေ ပြန်ရလာပြီလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ကာ ၂ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၄) အဖြစ် တန်းတက် ဘုန်းမောက်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာမှာတော့ ၉-၀ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Liverpool Echo

အဆိုပါပွဲစဉ်မှာ လီဗာပူးက ဘုန်းမောက်ကို ပွဲစပွဲဆုံး တရစပ် ဖိအားပေး ကစားသွားခဲ့ပြီး လီဗာပူး ကစားသမားတွေရဲ့ နိုင်လိုစိတ် ပြင်းထန်မှု ၊ တွန်းတွန်းတိုက်တိုက် ကစားမှုတို့ကြောင့်ပဲ လီဗာပူးဟာ ပွဲအစ ၃မိနစ်မှာတင် အဖွင့်ဂိုး ရရှိခဲ့ကာ ပွဲသိမ်းဂိုးကိုတော့ ပွဲကစားချိန် ၈၅မိနစ်မှာ သွင်းယူနိုင်ခဲ့တာပါ။

လီဗာပူး ၉-၀ ဘုန်းမောက် ပွဲစဉ်မှာ လီဗာပူးအတွက် သွင်းဂိုးတွေကို ဒီယက်ဇ်နဲ့ ဖာမီနိုတို့က ၂ဂိုးစီ ၊ အီလိယက် ၊ အာနိုးလ် ၊ ဗန်ဒိုက် ၊ ကာဗယ်ဟိုတို့က ၁ဂိုးစီ အသီးသီး သွင်းယူပေးခဲ့ကြသလို ဘုန်းမောက်ရဲ့ နောက်ခံလူ မီဖန်ကလည်း လီဗာပူး အတွက် လက်ဆောင်ဂိုး တဂိုး ပေးခဲ့ပါသေးတယ်။

Photo Credit: Liverpool Echo

ဘုန်းမောက်ကို ၉ဂိုးပြတ် အနိုင်ရပြီးနောက် လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်က သူတို့အသင်းမှာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် သူတို့ဟာ ပြီးပြည့်စုံတဲ့ ခြေစွမ်းမျိုးကို ပြန်လည် ပိုင်ဆိုင်နိုင်ခဲ့ပြီလို့ ကြုံးဝါးသွားခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့က ဒီနေ့ပွဲမှာ အဖွင့်ဂိုးကို ခပ်စောစော ရခဲ့သလို အဖွင့်ဂိုး ရပြီး မကြာခင်မှာပဲ ဒုတိယဂိုးကို ထပ်မံ ရရှိခဲ့ပါတယ်။ အဲ့ဒါပြီးတော့ ကျွန်တော်တို့က ဂိုးတွေ သွင်းယူနိုင်ဖို့ ဆက်လက် ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့တွေ မတူညီတဲ့ သွင်းဂိုးတွေ သွင်းယူခဲ့ကြပေမယ့် ရည်မှန်းချက်ကတော့ အတူတူပါပဲ။ ကျွန်တာ်တို့က သူတို့ကို အဆက်မပြတ် ဖိအားပေးမယ်။ လုံးဝ မရပ်မနားပဲနဲ့ပေါ့။ အဲ့ဒါကြောင့်ပဲ ပထမပိုင်း အပြီးမှာတင် ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ခဲ့တာပါပဲ။ ကျွန်တော်က စကော့ ပါကားကို မလေးစားပဲ မနေနိုင်ပါဘူး။ သူက ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေနဲ့ အလုပ်လုပ်နေရတာကို ကျွန်တော် တွေ့နေရပါတယ်။ ပထမပိုင်း အပြီးမှာတော့ ကျွန်တော်တို့က ပွဲကို ထိန်းချုပ် ကစားဖို့ပဲ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ၆-၀ ဖြစ်သွားပြီးတဲ့နောက်မှာ လူတိုင်းက ဂိုးတွေ သွင်းကြတော့တာပါပဲ။ ကျွန်တော်တို့က ကလေးတွေကို ထည့်ပြီး ကစားခွင့်လည်း ပေးခဲ့ပါတယ်။ ဒီလို အခိုက်အတန့်မျိုးမှာ အလှည့်ကျ ကစားခိုင်းတဲ့ စနစ်က လိုကို လိုအပ်ပါတယ်။ ဒီလိုနဲ့ အဆုံးသတ်ကျတော့ ကျွန်တော်တို့ရဲ့ ပြီးပြည့်စုံတဲ့ ခြေစွမ်းတွေနဲ့ သာယာလှပတဲ့ နေ့လယ်ခင်းလေး တခု ဖြစ်ခဲ့ပါတော့တယ်” လို့ ပြောကြားသွားခဲ့တာပါ။