ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူး အသင်းအနေနဲ့ မနေ့ညက အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနဲ့ လက်စတာစီးတီး တို့ရဲ့ နောက် အမှတ်‌ပေးဇယားရဲ့ အဆင့် ၂ နေရာကနေ အဆင့် ၄ နေရာအထိ ဆင်းပေးလိုက်ရပါတယ်။ ဒါ့အပြင် ဂျာဂျန် ကလော့ပ်ရဲ့ လီဗာပူး အနေနဲ့ အဆိုပါ ပွဲစဉ် အပါအဝင် နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ တိုက်စစ်က သွင်းဂိုး တစ်ဂိုးမှ မသွင်းနိုင်ပဲ ဂိုးပေါက် ပျောက်ဆုံးထားတဲ့ မှတ်တမ်းဆိုးလည်း ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit: Sky Sports

နည်းပြ ဖြစ်သူ ကလော့ပ် ကတော့ အသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ မစိုးရိမ်ခင်မှာ ရာသီကုန်ရင် ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ၄ သင်းထဲမှာ အဆုံးသတ် နိုင်ဖို့ကိုသာ ပိုမို အာရုံစိုက်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ လီဗာပူး အသင်းအနေနဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာက တော့တင်ဟန် ဟော့စပါး အသင်းနဲ့ ရမှတ်က ၁ မှတ်သာ ကွာဟတော့တာ ဖြစ်တဲ့အပြင် အမှတ်ပေးဇယား အဆင့် ၆ နေရာက မာဆေးလ်ဆိုက်ဒ်ပြိုင်ဘက် အဲဗာတန် အသင်းနဲ့ တစ်ပွဲလျော့ ၂ မှတ်ကွာ အနေအထားမှာ ရောက်ရှိနေခဲ့ရပြီ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ် ကတော့ နောက်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိဖို့က ပရီးမီးယားလိဂ် ချန်ပီယံဆုထက် ပိုအရေးကြီးကြောင်း အခုလိုပဲ ပြောဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

“ ကျွန်တော့် အတွက်တော့၊ ကျွန်တော်တို့ အခု ဘယ်နေရာကို ရောက်နေလဲဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော်တို့မှာ ရမှတ်တွေ ရှိပြီးတော့ ထိပ်သီး လေးသင်းနားမှာပဲ ရှိနေတယ်ဆိုတာက ပိုပြီးတော့ အရေးကြီးပါတယ်။ အဲ့ဒါ အတွက် ခင်ဗျားအနေနဲ့ ရမှတ်တွေရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က အဲ့ဒီထိပ်သီးလေး နေရာအတွက် တိုက်ပွဲဝင်နေကြတဲ့ အသင်းတွေကြားမှာ ရောက်ရှိနေတာ ဖြစ်ပြီးတော့ အဲ့ဒါကလည်း ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ပါပဲ။ အဲ့ဒါက အကယ်၍ ကျွန်တော်တို့ ချန်ပီယံဖြစ်မလာနိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ အဲ့ဒါက ပျော်စရာ မကောင်းတော့ပါဘူး။ ကျွန်တော်တို့က အရာအားလုံး အတွက် တိုက်ပွဲဝင်နေတာပါ၊ ပြီးတော့ အဲ့ဒီစိတ်ဓာတ်မျိုးကို ကျွန်တော် ဒီည ပြန်ပြီးတော့ မြင်ခဲ့ရပါတယ်။ အရေးကြီးဆုံး အရာက နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ပါပဲ၊ အဲ့ဒါက ဘယ်လောက် ခက်ခဲလဲဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်။ ဒီရာသီက ထိပ်သီးလေးသင်းနေရာ အတွက် ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ရာသီ မျိုးပါပဲ ” လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူး အသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်အပတ် တနင်္ဂနွေနေ့မှာလည်း အက်ဖ်အေ ဖလား ပွဲစဉ်အဖြစ် ပြန်လည် တွေ့ဆုံသွားကြမှာ ဖြစ်ပါတယ်။