ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၂-၀ နာပိုလီ ပွဲစဉ်အပြီးမှာ သူဟာ နာပိုလီနဲ့အတူ ယခုနှစ် ဘောလုံးရာသီမှာ တောက်ပနေတဲ့ ဂျော်ဂျီယာကြယ်ပွင့် ကာဗာရာစခဲလီယာရဲ့ ကစားပုံနဲ့ ခြေစွမ်းကို သဘောကျကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးက ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ အဖြစ် ယခုနှစ်ရာသီမှာ ရှုံးပွဲ မရှိသေးတဲ့ နာပိုလီကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာလာ ၊ နူနက်ဇ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နာပိုလီကို အရှုံးရဲ့ အရသာအား မြည်းစမ်းစေခဲ့ပါတယ်။

Photo Credit: Liverpool Echo

လီဗာပူးက အုပ်စုပထမနေရာ ရဖို့ အတွက် နာပိုလီကို ၅ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်ခဲ့တာကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီးနောက် အုပ်စု ဒုတိယနေရာသာ ရခဲ့ပေမယ့် နာပိုလီလို ရှုံးပွဲ မရှိသေးတဲ့ အသင်းကို အနိုင်ရခဲ့တာဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ လီဗာပူးအသင်းရဲ့ စိတ်ဓာတ်ပိုင်းကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က နာပိုလီနဲ့အတူ တောက်ပနေတဲ့ ကာဗာရာစခဲလီယာရဲ့ ခြေစွမ်းကို အထူးတလည် ချီးကျူးသွားခဲ့ပြီး ကာဗာရာစခဲလီယာဟာ သူ့အသင်းရဲ့ ခံစစ်မှူးတွေကို ဘောလုံးရတဲ့ အကြိမ်တိုင်းမှာ ဒုက္ခပေးနိုင်ခဲ့သူ ဖြစ်ကာ သူက ကာဗာရာစခဲလီယာကို သဘောကျကြောင်း ဆိုလာပါတယ်။

Photo Credit: Liverpool Echo

ကလော့ပ်က – “ကောင်လေးက ကစားသမားကောင်း တယောက်ပါ။ သူက ရင်ဆိုင် ကစားဖို့ အတော်လေး ခက်တဲ့ ကစားသမားတွေထဲ ပါပါတယ်။ သူက ပြိုင်ဘက်ထက် ဦးအောင် လှုပ်ရှားနိုင်ပြီ ဆိုရင် သူက ပြိုင်ဘက်ကို လှည့်ထွက်ပြီးသွားပါပြီ။ သူက မြန်တယ်။ ပြီးတော့ အလိမ်အခေါက်လည်း ကောင်းပါတယ်။ သူက အတွင်းထဲကို ချိုးဝင်ပြီး ကစားနိုင်သလို ခံစစ်မှူးတွေကို အပြင်ဘက် ဆွဲခေါ်ပြီးလည်း ကစားတတ်ပါသေးတယ်။ သူက တပွဲလုံး အကောင်းဆုံးပုံစံနဲ့ ကစားခဲ့ပေမယ့် မောပန်းနေတာမျိုးလည်း မရှိပါဘူး။ ကျွန်တော်ကတော့ သူ့ကို သဘောကျသွားပါပြီ” လို့ ကာဗာရာစခဲလီယာကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကာဗာရာစခဲလီယာက ယခုနှစ် ဘောလုံးရာသီ အစကမှ ဂျော်ဂျီယာကလပ် ဘာတူမီ ကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ နာပိုလီ အတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၀ကြိမ် ရရှိထားပါတယ်။