ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲ အဖြစ် နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ဗဟိုခံစစ်မှူး မာတစ်ရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ အဖိုးတန် နိုင်ပွဲ ၁ပွဲကို ရယူနိုင်ခဲ့ပါတယ်။

လီဗာပူးက ပြီးခဲ့တဲ့ တပတ်မှာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ အဖြစ် နာပိုလီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာကြောင့် အုပ်စုဗိုလ်နဲ့ နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ အေဂျက်နဲ့ပွဲစဉ်မှာ မဖြစ်မနေ နိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ လီဗာပူး ၂-၁ အေဂျက်ပွဲမှာ လီဗာပူးက ပွဲစတယ် ဆိုတာနဲ့ အေဂျက်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး တိုက်စစ်မှူးတွေရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်မှု ၊ ဂိုးကံခေမှုတို့ကြောင့်သာ လီဗာပူးဟာ နိုင်ပွဲ ရဖို့ အတွက် ပွဲပြီးခါနီး အထိ ရုန်းကန်ခဲ့ရတာပါ။

အဆိုပါပွဲမှာ လီဗာပူး အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၇မိနစ်မှာ ဆာလာနဲ့ ပွဲကစားချိန် ၈၉မိနစ်မှာ မာတစ်တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အေဂျက်အတွက် တလုံးထဲသော ချေပဂိုးကို ပွဲကစားချိန် ၂၇မိနစ်မှာ လူငယ်ကြယ်ပွင့် ကစားသမားလေး ကူဒက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Metro

ပွဲပြီးဆုံးချိန်မှာတော့ လီဗာပူးနည်းပြ ကလော့ပ်က အေဂျက်ကို အနိုင်ယူနိုင်ဖို့ ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတဲ့ အသင်းသားတွေကို ချီးကျူးသွားခဲ့သလို ဒီနေ့ပွဲမှာ သူတို့အသင်းဟာ တည်ကန်ဘောတွေ ကနေ သွင်းဂိုး ရယူနိုင်မယ် ဆိုတာ ကြိုတင် မျှော်မှန်းထားပြီးသားပါလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကလော့ပ်က – “ဒီနေ့ပွဲမှာ အသင်းသားတွေရဲ့ တုံ့ပြန်ပုံက ကောင်းမွန်ပါတယ်။ ကျွန်တော်တို့က (ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန်နေရပေမယ့်) ဘောလုံးကို ဆက်ကစားနေဖို့ လိုပါတယ်။ ကျွန်တော်တို့က ပထမပိုင်း အပြီးမှာပဲ ကစားပုံ ပိုပြီး တက်ကြွလာတာကိုလည်း ခင်ဗျားတို့ မြင်ကြပါလိမ့်မယ်။ ကျွန်တော်တို့က တည်ကန်ဘောတွေ ကနေ တဆင့် သူတို့ကို အသာစီး ရယူဖို့ ကြိုတင် စီစဉ်ခဲ့ပြီး စီစဉ်ထားတဲ့ အတိုင်းလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တာပါ။ ကျွန်တော်တို့တွေ တည်ကန်ဘော ကနေ သွင်းဂိုးတွေ စောစောစီးစီး မရခဲ့လို့တောင် အံ့ဩမိခဲ့ရပါတယ်။ ကျွန်တော်တို့က တည်ကန်ဘော ရတဲ့ အကြိမ်တိုင်းမှာ သူတို့ကို ခြိမ်းခြောက်နိုင်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။