ဂျာမဏီလက်ရွေးစင်အသင်းကတော့ သူတို့ အသင်းရဲ့ လက်ရှိနည်းပြချုပ် ဂျိုအာချင်လို တစ်ယောက် အသင်းကနေ ထွက်ခွာသွားတဲ့ အချိန်မှာ လီဗာပူးအသင်းနဲ့အတူ အောင်မြင်မှုတွေများစွာ ရယူထားနိုင်ခဲ့တဲ့ ဂျာဂင်ကလော့ပ် ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ထားတယ် လို့ ဂျာမဏီလက်ရွေးစင်အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောဆိုလာခဲ့ကြပါတယ်။ ဂျာမဏီ နည်းပြဖြစ်သူ ဂျိုအာချင်လိုဟာ ဂျာမဏီအသင်း ကို ကိုင်တွယ်ခဲ့တာဟာ ဆယ်စုနှစ်တစ်ခု ကျော်လာပြီ ဖြစ်ကာ သူ့ရဲ့လက်အောက်မှာ ဂျာမဏီအသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားကို ရယူ သိမ်းပိုက်နိုင်ခဲ့သလို နိုင်ငံတကာဖလားပြိုင်ပွဲတွေတိုင်းမှာ ဗိုလ်စွဲဖို့အတွက် ရေပန်းစားတဲ့ အသင်းတစ်သင်းအဖြစ်လည်း အမြဲတမ်း သတ်မှတ်ခံထားရတဲ့ အသင်းတစ်သင်းပါ။

Photo Credit: Four Four Two

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ဖလားမှာတော့ ဂျိုအာချင်လိုရဲ့ ဂျာမဏီလက်ရွေးစင် အသင်းဟာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်း မရှိခဲ့သလို အုပ်စုအဆင့်ကနေပါ လှည့်ပြန် ခဲ့ရပါတယ်။ အဆိုပါပြိုင်ပွဲပြီးတဲ့နောက်မှာတော့ ဂျာမဏီလက်ရွေးစင်အသင်းရဲ့ရလဒ်တွေဟာ အနည်းငယ် ယိမ်းယိုင်ခဲ့ရပြီး ၂၀၂၀ ယူရိုပြိုင်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ရုန်းကန် ခဲ့ရပြီး ဘောလုံးကျွမ်းကျင်သူတွေကတော့ ယူရို ၂၀၂၀ ပြိုင်ပွဲဟာ ဂျိုအာချင်လိုရဲ့ ဂျာမဏီနည်းပြ ဘဝ နောက်ဆုံးပြိုင်ပွဲတစ်ခု ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုထားကြပါတယ်။ ဂျိုအာချင်လိုဟာ ဂျာမဏီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတဲ့သူဖြစ်ပြီးသူ့ရဲ့စာချုပ်သက်တမ်းအရတော့ ဂျိုအာချင်လို ဟာ ၂၀၂၂ ကမ္ဘာ့ဖလားအထိ ဂျာမဏီအသင်းနဲ့အတူ ရှိနေနိုင်ပါတယ်။

Photo Credit: Four Four Two

တစ်ဖက်မှာတော့ ဂျာမဏီနိုင်ငံသား တစ်ဦး ဖြစ်တဲ့ ဂျာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့အတူ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်တာကြောင့် ဂျာမဏီလက်ရွေးစင် အသင်းအနေနဲ့ ကလော့ပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကြိုးစားရာမှာ အတော်လေး ကြိုးစားသွားရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဘောလုံး သမိုင်းမှာ ကလပ်အသင်းကိုရော နိုင်ငံအသင်းကိုပါ တစ်ပြိုင်နက်ထဲ ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေ ရှိနေတာကြောင့် ကလော့ပ်ဟာ လီဗာပူး အသင်းကိုရော ဂျာမဏီအသင်းကိုပါ ပြိုင်တူ နည်းပြနိုင်တယ်လို့ ဂျာမဏီနိုင်ငံသား ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ထားခဲ့ကြပါတယ်။ ကဲ ပရိသတ်တွေထဲမှာရော ဂျာမဏီအသင်းမှာ ကလော့ပ်ကို နည်းပြအဖြစ် မြင်ချင်တဲ့သူများ ရှိမလားဗျ….။