ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့မှာပဲ စတုဂတ် ကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူသစ် အန်ဒိုဟာ သူတို့အသင်း အတွက် အသင့်တော်ဆုံး ကွင်းလယ်လူပါလို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ယခု နွေဈေးကွက်အတွင်းမှာ နာဘီကီတာ ၊ မီလ်နာ ၊ ချိန်ဘာလိန် ၊ ဟန်ဒါဆန် ၊ ဖာဘင်ဟို စတဲ့ ကွင်းလယ်လူတွေကို ရောင်းထုတ်ထားတာကြောင့် အနည်းဆုံး ကွင်းလယ်လူ ၄ဦးလောက် ပြန်ခေါ်ဖို့ လိုအပ်နေပြီး လီဗာပူးက ဆိုဘော့ဇလိုင်း ၊ အယ်လစ္စတာနဲ့ အန်ဒိုတို့ကို ပြန်ခေါ်ထားနိုင်ပါတယ်။

Photo Credit: Mirror

လီဗာပူးက အန်ဒိုကို မခေါ်ခင်မှာ အီကွေဒေါ ကွင်းလယ်ကြယ်ပွင့် ကိုင်စီဒိုနဲ့ ဘယ်လ်ဂျီယံ လူငယ်ကြယ်ပွင့် လာဗီယာတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ နှစ်ယောက်စလုံးက လီဗာပူးရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ကာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ကိုင်စီဒိုနဲ့ လာဗီယာတို့ကို လက်လွှတ်ခဲ့ရပြီးနောက် လီဗာပူးပရိသတ်တွေက သူတို့အသင်းဆီ နာမည်ကြီး ကွင်းလယ်လူ တဦး ရောက်လာဖို့ မျှော်လင့်ခဲ့ကြပေမယ့် လီဗာပူးနည်းပြ ကလော့ပ်နဲ့ တာဝန်ရှိသူတွေကတော့ စတုဂတ်နဲ့ ဂျပန်ရဲ့ အသင်းခေါင်းဆောင် အန်ဒိုကိုသာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Super Sports

အသက် ၃၀အရွယ် ဂျပန်အသင်းခေါင်းဆောင် အန်ဒိုကို ဆိုင်းမဆင့် ဗုံမဆင့် ခေါ်ယူလိုက်တာကြောင့် လီဗာပူးပရိသတ်တွေက ကလော့ပ်နဲ့ အသင်းရဲ့ တာဝန်ရှိသူတွေကို ဝေဖန်မှုတွေ လုပ်နေကြပေမယ့် ကလော့ပ်ကတော့ အန်ဒိုဟာ စိတ်ဓာတ်ကောင်းတဲ့ ကွင်းလယ်လူ တဦး ဖြစ်သလို မခိုမကပ်ပဲ ကစားလေ့ ရှိတာကြောင့် သူတို့အသင်းအတွက် အသင့်တော်ဆုံး ကွင်းလယ်လူ ဖြစ်ကြောင်း ရှင်းပြလာပါတယ်။

ကလော့ပ်က – “ကျွန်တော်ကတော့ အန်ဒိုကို ခေါ်ယူနိုင်ခဲ့လို့ အတော်လေး ပျော်မိပါတယ်။ အန်ဒိုက တကယ် ကောင်းတဲ့ ကစားသမား တဦးပါ။ ဘောလုံးလောကမှာ နာမည်မကြီးတဲ့ ကစားသမား တယောက်ကို ခေါ်လိုက်ရင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့တွေ အန်ဒို ကစားခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်လိုက်ကြပါ။ သူက အရမ်း ကောင်းတဲ့ ကစားသမားပါ။ အန်ဒိုက အတွေ့အကြုံ ရင့်ကျက်တယ်။ စတုဂတ်နဲ့ ဂျပန်တို့ရဲ့ အသင်းခေါင်းဆောင်။  အင်္ဂလိပ်စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်တယ်။ လူကောင်း တဦးလည်း ဖြစ်တယ်။ ပြီးတော့ မိသားစုကို ချစ်တယ်။ ကွင်းထဲမှာဆိုရင် စက်တလုံးလို ကြိုးစား ကစားတတ်တယ်။ အရေးအကြီးဆုံး ဖြစ်တဲ့ ဘောလုံးကစားတာလည်း ကောင်းတယ်။ စိတ်ဓာတ်ပိုင်းကလည်း ထိပ်တန်းအဆင့်မှာ ရှိတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အန်ဒိုကို ခေါ်ယူနိုင်ခဲ့လို့ အတော်လေး ပျော်ရွှင်နေပါတယ်။ သူက ကစားသမားကောင်း တယောက် ဖြစ်သလို အလုပ်ကြိုးစားရတာကို ကြိုက်တဲ့ လူသား တဦးပါ” လို့ ကစားသမားသစ် အန်ဒိုရဲ့ အကြောင်းတွေကို ပရိသတ်တွေ သိအောင် ပြောပြသွားခဲ့တာပါ။