ကူးစက်မြန် အဆုတ်ရောင်ရောဂါပိုးကြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ဘောလုံးပွဲတွေကို မတ်လလောက်ကနေစတင်ပြီး ရပ်နားထားခဲ့ရာ လက်ရှိမှာ ဂျာမန်ဘွန်ဒစ်လီဂါသာ ပြန်လည်စတင်နိုင်ကာ ကျန်တဲ့လိဂ်တွေကတော့ အခုထိကို မစတင်နိုင်သေးပါဘူး။ ဒါပေမယ့် လာမယ့်ဇွန်လအတွင်းမှာတော့ စီးရီးအေနဲ့ လာလီဂါပြိုင်ပွဲတွေနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း ပြန်လည်စတင်တော့မှာဖြစ်လို့ ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းနေမှာ သေချာသလို အနှစ်(၃၀)ကျော်ကြာမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ခွင့်ရမယ့် လီဗာပူးလ်အသင်းအတွက်ကလည်း ချန်ပီယံဆုကို ကိုင်မြှောက်ရမယ့်ရက်က တဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Getty Image

ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့်ဇွန်လ(၁၇)ရက်နေ့မှာ ပြန်လည်စတင်တော့မှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တချို့ကို ကြားကွင်းတွေမှာ ကစားရမယ်လို့ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့လည်း ပရီးမီးယားလိဂ်ပွဲစဉ်တချို့ကိုပါ ကြားကွင်းမှာ ကစားရဖွယ်ရှိတာကြောင့် အသင်းရဲ့ ဆုဖလားကိုင်မြှောက်မှုကိုလည်း အိမ်ကွင်းအန်ဖီးလ်မှာမဟုတ်ပဲ တခြားကွင်းတွေမှာ ကျင်းပရနိုင်ပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး လီဗာပူးလ်နည်းပြကလော့က “ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့။ ပရိသတ်တွေမရှိတဲ့ ကွင်းလွတ်ကြီးတွေပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးမှာရှိတဲ့ လီဗာပူးလ်ပရိသတ်တွေဆီကနေ အားပေးမှုတွေကို ရရှိနေဦးမှာဖြစ်လို့ အမှတ်တရနေ့လေးတစ်နေ့ ဖြစ်စေမှာပါ”

Photo Credit : Getty Image

“ဘယ်နေရာမှာ ဆုဖလားကိုင်မြှောက်ရမလဲဆိုတာ ကျွန်တော်မသိပါဘူး။ အန်ဖီးလ်မှာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ ကျွန်တော်သေချာမသိဘူး။ ဒါကလည်း အရေးတော့မကြီးပါဘူး။ ကျွန်တော်သိတာကတော့ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ အကောင်းဆုံးသော ပရိသတ်ထုကြီးကို ပိုင်ဆိုင်ထားတဲ့အသင်းတဲ့။ အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေက ကမ္ဘာပေါ်မှာ ဘယ်မှမသွားမလာပဲ အိမ်မှာပဲနေထိုင်တဲ့ အကောင်းဆုံး Stay Home ပရိသတ်တွေ ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ အခြေအနေလေးတစ်ခုကို စောင့်ဆိုင်းရပါဦးမယ်။ အခုလက်ရှိ ကျွန်တော်တို့တွေ ဘောလုံးပြန်ကစားချင်နေပါပြီ။ ကျွန်တော်တို့ ဘောလုံးကွင်းအတွင်းမှာ ချန်ပီယံအဖြစ်နဲ့ အောင်ပွဲခံချင်ပါပြီ။ ကျွန်တော်တို့ ဒီဆုဖလားကို ရယူချင်နေပါပြီ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်ဇွန်လ(၂၀)ရက်နေ့မှာ သူတို့ရဲ့ မာဆေးဆိုက်ဒါဘီအသင်းဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။