ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းက မနေ့ညကပဲ အက်စတွန် ဗီလာအသင်းနဲ့ ဗီလာပါ့ခ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရင်း လီယွန် ဘိုင်လီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဗီလာကို အရေးနိမ့်သွားခဲ့ရပါတယ်။

ဒီရလဒ်ကြောင့် အခုဆိုရင် မန်စီးတီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက်ထိ နိုင်ပွဲပျောက်ဆုံးထားခဲ့ရသလို ဇယားထိပ်မှာ ရှိနေတဲ့ အာဆင်နယ်အသင်းနဲ့ပါ (၆)မှတ်ကွာ အနေအထားထိလည်း ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : Reuters

ပရီးမီးယားလိဂ်ဖလားကို (၃)နှစ်ဆက်တိုက်ထိ ရယူထားနိုင်တဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံး (၄)နှစ်ဆက် ချန်ပီယံဖြစ်အောင် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေရင်းနဲ့ပဲ (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်နေရတာက အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေရပါတယ်။

ဒီလို အခြေအနေမှာ ခြေမှန်နေပြီး နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်စိတ် အပြည့်ရှိတဲ့ အာဆင်နယ် လီဗာပူးလ်တို့ကို မဖြတ်ကျော်နိုင်တော့ဘူးလို့ ပြောဆိုလာကြတဲ့အပေါ် လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်က တုံ့ပြန်မှုတစ်ခု လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : This is Anfield

“တစ်စုံတစ်ယောက်က မန်ချက်စတာ စီးတီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းထဲက ထွက်သွားခဲ့ပြီလို့ ရေးထားမိမယ်ဆိုရင် ဒါကြီးက ဘောလုံးသမိုင်းတစ်လျှောက် အရယ်ရဆုံး ဟာသတစ်ခုသာ ဖြစ်လာပါလိမ့်မယ်။” လို့ ကလော့ပ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ လက်ရှိမှာ ရမှတ်ဆုံးရှုံးမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို မကြာခဏ ရယူထားနိုင်တဲ့ အတွေ့အကြုံတွေနဲ့ တောင့်တင်းလှတဲ့ ကစားသမားအင်အားတွေကြောင့် ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းမှာ အမြဲ တည်ရှိနေနိုင်မှာ အသေအချာပါပဲ။