ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ယာဂင် ကလော့ပ်ကတော့ သူ့ရဲ့ လီဗာပူးဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ နာပိုလီကို အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့သလို ယခုနှစ်ရာသီမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် သူနဲ့ တနိုင်ငံထဲသား နည်းပြဖြစ်သူ တူဟယ်လ်လို သူဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ မရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ လက်အောက်မှာ ဟိုးယခင်ကလို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ပြန်ဖြစ်လာတဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်း ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အဆိုပါပွဲစဉ်နောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာတော့ လီဗာပူးဟာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Insidefoto

လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ကွန်မြူနတီဒိုင်းပွဲ အပါအဝင် ပြိုင်ပွဲစုံမှာ ၈ပွဲ ကစားထားရာ ၃ပွဲသာ အနိုင်ရထားပြီး ၃ပွဲသရေ ၂ပွဲ ရှုံးနိမ့်ထားကာ သူတို့အသင်းရဲ့ ခြေစွမ်းကလည်း ဘုန်းမောက်ကို ၉-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲမှာသာ ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ ၅ဦး စာရင်းဝင်သူ ဖြစ်ပေမယ့် သူ ကိုင်တွယ်ခဲ့တဲ့ ဘောလုံးအသင်းတိုင်းမှာ ၇ရာသီမြောက်ကို ရောက်တိုင်း ရာထူးကနေ နုတ်ထွက်ရလေ့ ရှိသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီကလည်း သူ့ရဲ့ လီဗာပူးနည်းပြဘဝ ၇ရာသီမြောက် ဘောလုံးရာသီ ဖြစ်တာကြောင့် ကလော့ပ်ရဲ့ ကျိန်စာဆိုးကြောင့် လီဗာပူးရဲ့ ရလဒ်တွေ ဆိုးဝါးနေတာလားလို့ မေးခွန်းထုတ်သူတွေလည်း ရှိလာပါတယ်။

Photo Credit: Insidefoto

ဒါပေမယ့် ကလော့ပ်ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှု မရှိသေးပဲ အသင်းပိုင်ရှင်တွေက သူ့ကို ထောက်ခံနေဆဲ ဖြစ်ကြောင်း နာပိုလီနဲ့ ပွဲအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ကလော့ပ်က – “ကျွန်တော်က တူဟယ်လ်လို ရာထူးကနေ ထုတ်ခံရဖို့ မရှိသေးပါဘူး။ ကျွန်တော်တို့ အသင်းနှစ်သင်းမှာ မတူညီတဲ့ အသင်းပိုင်ရှင်တွေ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ အသင်းပိုင်ရှင်က အေးအေးဆေးဆေး ရှိနေသေးသလို ကျွန်တော်ကပဲ အသင်းရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ ပြီးတော့ သူတို့က တခြားတယောက်ဟာ ကျွန်တော့်ရဲ့ နေရာကို အစားဝင်နိုင်လိမ့်မယ်လို့ မယူဆထားကြပါဘူး” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။