လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကိုလီမော်က လီဗာပူးလ်အသင်းရဲ့ လက်ရှိ နည်းပြ ကလော့ပ်ဟာ ဥရောပ ပြိုင်ပွဲမှာ မဟုတ်ဘဲ အင်္ဂလန်နိုင်ငံမှာ မန်စီးတီး နည်းပြ ဂွါဒီယိုလာထက် ပို အောင်မြင်နေပြီ ဖြစ်တယ်လို့ The Mirror သတင်းမှာ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်က စတင် နည်းပြခဲ့ပြီး မန်စီးတီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလားကို (၂) နှစ်ဆက်တိုက် ရရှိခဲ့တာ အပါအဝင်အဓိက ဆုဖလားပေါင်း (၈) ခုအထိ ရရှိခဲ့တာကြောင့် ဆုဖလား အောင်မြင်မှု များပြားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို (၂၀၁၅) ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီး လီဗာပူးလ်အသင်းကို အပြောင်းအလဲ များစွာ ပြုလုပ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ နှစ်က လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ရရှိခဲ့ပြီး ယခုနှစ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိနိုင်တော့မှာပဲ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ဟာ နည်းပြ ပက် ဂွါဒီယိုလာထက် အင်္ဂလန်နိုင်ငံကို အရင် ရောက်ရှိလာပြီး အင်္ဂလန်နိုင်ငံမှာ ဆုဖလား ရရှိမှု ပို နည်းနေပေမယ့်လည်း လီဗာပူးလ် ကစားသမားဟောင်း ကိုလီမော်က ကလော့ပ်အနေနဲ့ အင်္ဂလန်မှာ ဂွါဒီယိုလာထက် ပို အောင်မြင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ကိုလီမော်က “နည်းပြ ကလော့ပ်က ဒီအခြေအနေကို ဆက်လက်ထိန်းထားနိုင်မယ် ဆိုရင်တော့ သူက လီဗာပူးလ်အသင်းမှာသာမက အင်္ဂလန်ဘောလုံး သမိုင်းမှာ အကောင်းဆုံး နည်းပြတစ်ဦး အဖြစ် သမိုင်းတွင်သွားပါလိမ့်မယ်။ သူ့ရဲ့ ကစားသမားသစ် ခေါ်ယူမှု နဲ့ အသင်းတည်ဆောက်မှု၊ သူ့ရဲ့ ကစားသမားတွေကို စီမံမှု၊ သူ့ရဲ့ ကွင်းပြင်ပ အပြုအမှု နဲ့ သူ့ရဲ့ အောင်မြင်မှုတွေကတော့ ပထမတန်းစားပါပဲ။ အင်္ဂလန်နိုင်ငံမှာ အောင်မြင်မှုကို အခြေခံပြီး ပြောမယ် ဆိုရင် ကလော့ပ်က လက်ရှိအချိန်မှာ ဂွါဒီယိုလာထက် ပို အောင်မြင်နေပါတယ်။ အချို့လူတွေက ကလော့ပ်အနေနဲ့ ဗန်ဒိုက်ကို ပေါင် (၇၅) သန်းနဲ့ ဝယ်ယူခဲ့တာ နဲ့ အလီဆွန်ကို ပေါင် (၅၆) သန်းနဲ့ ခေါ်ယူခဲ့တာကို ထောက်ပြချင်ကြတယ်။ ဒါပေမယ့် ကလော့ပ်က သူတို့ကြောင့် ပျော်နေရပြီ”လို့ ပြောခဲ့ပါတယ်။