ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ တဖက် နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ သူတို့အသင်းရဲ့ ပထမပိုင်း ကစားပုံဟာ အတော်လေး ဆိုးဝါးကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ဟာ ယခုတပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ အကြိတ်အနယ် အရှိဆုံး ပွဲကောင်းတပွဲ ဖြစ်ခဲ့ပြီး လီဗာပူးအသင်း အတွက် သွင်းဂိုးတွေကို အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ မာနေးနဲ့ ဆာလာတို့က သွင်းယူပေးခဲ့ကာ မန်ချက်စတာ စီးတီးအသင်း အတွက် သွင်းဂိုးတွေကိုတော့ အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ ဖိုဒန်နဲ့ ဒီဘရိုင်းတို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်မှာ ပိုကောင်းတဲ့ အသင်းဟာ ဧည့်သည် မန်ချက်စတာ စီးတီးအသင်း ဖြစ်ခဲ့ပြီး မန်ချက်စတာ စီးတီးအသင်းဟာ ပွဲစပွဲဆုံး ကောင်းမွန်ခဲ့ကာ အိမ်ရှင် လီဗာပူးအသင်း ကတော့ ပထမပိုင်းမှာ ကစားပုံ အတော်လေးကို ဆိုးရွားခဲ့ပြီး ဒုတိယပိုင်းကို ရောက်မှသာ ပုံမှန်ခြေစွမ်းကောင်းကို ထုတ်ပြနိုင်ခဲ့ကာ ပွဲကို ၂ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပွဲအပြီးမှာတော့ လီဗာပူးအသင်းရဲ့ နည်းပြ ဂျာဂင် ကလော့ပ်က သူတို့အသင်းရဲ့ ပထမပိုင်း ကစားပုံဟာ ကောင်းမွန်ခဲ့ခြင်း မရှိကြောင်း ဝန်ခံသွားသလို ပထမပိုင်း ခပ်မြန်မြန် ပြီးပါစေလို့ ဆုတောင်းခဲ့ရတဲ့ အထိ ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Photo Credit: Sky Sports

ဂျာဂင်ကလော့ပ်က – “ ဘောလုံးပွဲတွေမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်း ရှိနေလို့ ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း ကစားပုံကြောင့် အတော်လေး ပျော်ရွှင်မိပါတယ်။ အကြောင်းပြချက် တချို့ကြောင့် ပထမပိုင်း ကစားပုံကိုတော့ အားမရခဲ့ပါဘူး။ ကျွန်တော်တို့တွေ ပထမပိုင်းမှာ အမှားတွေ အများကြီး ကျူးလွန်မိခဲ့ပါတယ်။ စီးတီးကတော့ အတော်လေး ကစားပုံ ကောင်းခဲ့ပါတယ်။ ဒါကိုလည်း ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့တွေ ပွဲကို အကောင်းဆုံး မစတင်နိုင်ခဲ့ပါဘူး။ ပထမပိုင်း ပြီးဆုံးတဲ့ ခရာသံကို ကြားတော့ အတော်လေး ပျော်ရွှင်မိပါတယ်။ ဒါက ကျွန်တော့်ရဲ့ နည်းပြဘဝမှာ ပထမပိုင်း ပြီးသွားလို့ အပျော်ရွှင်ရဆုံး အခိုက်အတန့်လည်း ဖြစ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။