ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ပြိုင်ဘက် အတ္တလန်တာကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့တဲ့ အတွက် ကျေနပ်မိကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသနိုင်ခဲ့ပေမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ခြေစွမ်းပိုင်း အနည်းငယ် ယိမ်းယိုင်သွားခဲ့ပြီး ယနေ့မနက်ပွဲမတိုင်ခင် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။

Photo Credit: Sky Sports

လီဗာပူးက ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် အတ္တလန်တာကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ဆီမီးဖိုင်နယ် တက်ချင်ရင် အီတလီမြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယအကျော့မှာ အတ္တလန်တာကို လေးဂိုးပြတ် အနိုင်ယူဖို့ လိုအပ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အတ္တလန်တာနဲ့ လီဗာပူး ပွဲစဉ်မှာ လီဗာပူးနည်းပြချုပ် ကလော့ပ်က အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ ဂိုးပြတ်နိုင်ပွဲရရှိရေး အတွက် စီစဉ်ခဲ့သလို လီဗာပူးရဲ့ ကစားသမားတွေကလည်း အတ္တလန်တာကို ပွဲစပွဲဆုံး တရစပ် ဖိအားပေးပြီး ကစားသွားခဲ့ပါတယ်။အဆိုပါပွဲမှာ လီဗာပူးက ပွဲအစ ၆မိနစ်မှာတင် အတ္တလန်တာရဲ့ ဘယ်တောင်ပံကစားသမား ရက်ဂါရီရဲ့ လက်ထိဘောကြောင့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး ဆာလာက ပင်နယ်တီကို အကောင်းဆုံး ကန်သွင်းကာ လီဗာပူးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် လီဗာပူးက နောက်ထပ် သွင်းဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့သလို အတ္တလန်တာကလည်း အိမ်ကွင်းမှာ မရှုံးနိမ့်အောင် ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် နှစ်သင်းစလုံးရဲ့ ဂိုးသမားတွေနဲ့ နောက်တန်းတွေက အတော်လေး ကောင်းခဲ့တာကြောင့် သွင်းဂိုးတွေ ထပ်မံ မြင်တွေ့ရခြင်း မရှိပါဘူး။

လီဗာပူးက အဝေးကွင်းမှာ အတ္တလန်တာကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ နိုင်ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ်အရ အတ္တလန်တာက လီဗာပူးကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့ပြီး လီဗာပူးနည်းပြ ကလော့ပ်ကတော့ ဆီမီးဖိုင်နယ်ကို မရောက်ခဲ့ပေမယ့် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့လို့ ကျေနပ်တယ်လို့ ဆိုလာပါတယ်။ ကလော့ပ်က – “ကျွန်တော်က ဒီကာလအတွင်းမှာ အသင်းရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး သဘောကျရတာ ဒီတပွဲပဲ ရှိပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားသမားတွေက စိတ်ဓာတ်အပြည့် ၊ ဆာလောင်မှုအပြည့် ၊ ခွန်အားအပြည့်နဲ့ ကစားသွားခဲ့တာပါ။ ဒါက ကျွန်တော်တို့တွေ လိုအပ်နေတဲ့ ပြန်လာနိုင်မှုပါပဲ။ ဒါကြောင့် ကျွန်တော်က ဒီနေ့ပွဲ အတွက် ပျော်မိပါတယ်။ ကျွန်တော်တို့က နိုင်ပွဲ ပျောက်ခဲ့တဲ့ ၃ပွဲဆက်မှာ ဂိုးပေါက် ကန်သွင်းခွင့် ၆၇ကြိမ် အထိ လုပ်နိုင်ခဲ့ပေမယ့် နိုင်ပွဲတွေ မရခဲ့ပါဘူး။ အဲ့ဒါကလည်း အတော်ကို ထူးဆန်းပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။