ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ပြီးခဲ့တဲ့ ဧပြီလ ၃၀ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၄-၃ စပါး ပွဲစဉ်မှာ ကွင်းလယ်ဒိုင် ပေါလ် တီယာနေးကို လူသိရှင်ကြား ဝေဖန်ခဲ့မှု အတွက် ၂ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၇၅၀၀၀ ပေးချေဖို့ အမိန့်ချခံခဲ့ရကြောင်း သိရပါတယ်။

လီဗာပူး ၄-၃ စပါး ပွဲအပြီးမှာ လီဗာပူးနည်းပြချုပ် ယာဂင် ကလော့ပ်က ကွင်းလယ်ဒိုင် ပေါလ် တီယာနေးဟာ သူတို့အသင်းအပေါ် အမြင်မကြည်မှုတွေ ရှိနေကြောင်းနဲ့ တီယာနေးက သူတို့အသင်းရဲ့ ပွဲစဉ်တွေကို ကိုင်တွယ်တိုင်းမှာ သူတို့အသင်းနဲ့ ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ချမှတ်လေ့ ရှိကြောင်း ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ကလော့ပ်ရဲ့ ဝေဖန်မှု အတွက် ကွင်းလယ်ဒိုင် ပေါလ် တီယာနေးက စွဲချက်တင်ခဲ့တာမျိုး မရှိပေမယ့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကလော့ပ်ရဲ့ စကားလုံးတွေဟာ တီယာနေးနဲ့ ဒိုင်အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ယူဆတာကြောင့် ကလော့ပ်ကို စွဲချက်တင်ခဲ့ပါတယ်။

ယမန်နေ့မှာတော့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ကလော့ပ်ကို ကွင်းလယ်ဒိုင် တီယာနေးနဲ့ ဒိုင်အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှုနဲ့ အပြစ်ပေး အရေးယူဖို့ ဆုံးဖြတ်ခဲ့ပြီး ကလော့ပ်ကို ၂ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၇၅၀၀၀ ပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။

Photo Credit: Football 365

လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က ၂ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပေမယ့် လောလောဆယ်မှာ ၁ပွဲထဲသာ ပွဲပယ်ခံရမှာ ဖြစ်ပြီး နောက်ထပ်တကြိမ် ကွင်းလယ်ဒိုင်တွေကို လူသိရှင်ကြား ဝေဖန်တဲ့အခါမှသာ နောက်ထပ် ၁ပွဲ ထပ်မံ ပွဲပယ်ခံရမယ်လို့ သိရပါတယ်။

ဒါကြောင့် လီဗာပူးနည်းပြ ကလော့ပ်က ယခုတပတ်မှာ ယှဉ်ပြိုင် ကစားရမယ့် လီဗာပူးနဲ့ အက်စ်တွန်ဗီလာတို့ရဲ့ ပွဲစဉ်မှာ ကွင်းထဲအထိ ဝင်ရောက်ကာ အသင်းကို ဦးဆောင်နည်းပြခွင့် ရတော့မှာ မဟုတ်ပါဘူး။