ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ယာဂင် ကလော့ပ်ကတော့ ယမန်နေ့ညမှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)မှာ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် သူတို့အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး အိမ်မက်ဟာ အဆုံးသတ်သွားခဲ့ပါပြီလို့ ဝန်ခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီးနဲ့ နောက်ဆုံးအချိန် အထိ ယှဉ်ပြိုင်ခဲ့ရတဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၈ပွဲ ကစားထားရာမှာ ၂ပွဲသာ အနိုင်ရထားကာ ၄ပွဲသရေ ၂ပွဲရှုံးထားပါတယ်။

Photo Credit: Squawka

ဒါကြောင့်ပဲ လီဗာပူးက အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်ထက် တပွဲသာ လျော့ထားချိန်မှာ ရမှတ် ၁၄မှတ် အထိ ကွာဟသွားခဲ့ပြီး လက်ကျန် ၁ပွဲကို အနိုင်ရခဲ့ရင်တောင် အဆင့်(၁)နဲ့ ရမှတ် ၁၁မှတ် အထိ ဆက်လက် ကွာဟနေဦးမှာပါ။

ဒါ့အပြင် အာဆင်နယ် ၃-၂ လီဗာပူး ပွဲစဉ်မှာလည်း လီဗာပူးရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ လူးဝစ်ဒီယက်ဇ်နဲ့ အာနိုးလ်တို့ ဒဏ်ရာတွေ ရသွားခဲ့တာကြောင့် လီဗာပူးအနေနဲ့ လာမယ့်ပွဲတွေမှာ ပိုမို ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး သူတို့အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ချေကလည်း အရမ်းကို နည်းပါးသွားပါပြီ။

Photo Credit: Squawka

လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကလည်း သူ့အသင်းရဲ့ အခြေအနေကို ကောင်းကောင်းကြီး သိတာကြောင့် အာဆင်နယ်နဲ့ ပွဲအပြီးမှာပဲ သူတို့အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိတော့ဘူးလို့ ရဲရဲဝံ့ဝံ့ ဝန်ခံသွားခဲ့သလို လာမယ့်အပတ်မှာ ရင်ဆိုင် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ပွဲဟာ သူတို့အတွက် အတော်လေးကို ခက်ခဲဦးမယ့် ပွဲတပွဲပါလို့ ဆိုသွားပါတယ်။

သူတို့အသင်းရဲ့ ချန်ပီယံအိမ်မက်နဲ့ ပတ်သတ်ပြီး ကလော့ပ်က – “အခုချိန်မှာ အသင်းရဲ့ အနေအထားနဲ့ ပတ်သတ်ပြီး ကျွန်တော်က တကယ်ကို စိုးရိမ်နေပါတယ်။ ရလဒ်တွေ ကျဆင်းနေတာကြောင့်လည်း မပျော်ပါဘူး။ ပြီးတော့ ကျွန်တော်တို့က ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ လမ်းကြောင်းထဲမှာလည်း မရှိတော့ပါဘူး။ ဒါက သေချာပါတယ်။ လာမယ့်အပတ်မှာ ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ပွဲက ရှုံးပွဲတွေ့ထားတဲ့ ကျွန်တော်တို့ အတွက် တကယ်ကို ခက်ခဲမယ့် ပွဲပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။