ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)မှာ ဘရိုက်တန်အသင်းကို နောက်ကျ ချေပဂိုးတွေ ပေးခဲ့ရပြီး သရေကျခဲ့တဲ့ အပေါ် မပျော်ရွှင်နိုင်ကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အဖြစ် ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဂရေဟမ် ပေါ်တာရဲ့ ဘရိုက်တန်အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ လက်ခံ ကစားခဲ့ရပြီး ဦးဆောင်ဂိုး ၂ဂိုးကိုလည်း ပွဲကစားချိန် မိနစ် ၂၀ကျော်ထဲက ရရှိခဲ့ပေမယ့် ချေပဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရတာကြောင့် ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ကာ ရမှတ် ၁မှတ်သာ စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၄မိနစ်မှာ ဟန်ဒါဆန်နဲ့ ပွဲကစားချိန် ၂၄မိနစ်မှာ မာနေးတို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဘရိုက်တန်အသင်း အတွက် အဖိုးတန် ချေပဂိုးတွေကိုတော့ ပွဲကစားချိန် ၄၁မိနစ်မှာ အမ်ဝီပူ ၊ ပွဲကစားချိန် ၆၅မိနစ်မှာ ထရော့ဆပ်တို့က သွင်းယူပေးခဲ့တာပါ။

လီဗာပူးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ဟာ မြန်နှုန်းမြင့် ကစားဟန်ကို အသုံးပြုကြတဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်းရဲ့ ပွဲစဉ်ဟာ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တပွဲ ဖြစ်ခဲ့ပေမယ့် လီဗာပူးနည်းပြ ကလော့ပ် ကတော့ ၂ဂိုးပြတ် ဦးဆောင်နိုင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေကျခဲ့တာကို ရှုံးနိမ့်ခဲ့သလို ခံစားရပါတယ်လို့ ပွဲအပြီးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ကလော့ပ်က – “ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့သလိုကို ခံစားနေရပါတယ်။ ဒါက ကျွန်တော်တို့ ၂ဂိုးပြတ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးမှ သရေကျခဲ့တဲ့ အချက်တခုထဲကြောင့် မဟုတ်ပါဘူး။ ကျွန်တော် ဒီအသင်းကို ကိုင်တွယ်တဲ့ အချိန်တွေထဲမှာ အကောင်းဆုံးလို့ ပြောရမယ့် သွင်းဂိုး ၂ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ပယ်ဖျက်ခံရတာကြောင့်လဲ ပါပါတယ်။ ဆာဒီယို(မာနေး)ရဲ့ ဒုတိယ သွင်းဂိုးက အတော်လေး ကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ ကျွန်တော်တို့ ဂိုးမရခဲ့ပါဘူး။ တကယ်လို့ ခင်ဗျားက တောက်လျှောက် ဖိအားပေး ကစားနေမယ် ဆိုရင် ဒီလို အခြေအနေတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီဂိုးကို လက်ထိဘောကြောင့် ခွင့်မပြုခဲ့တာလို့ ထင်ပါတယ်။ ပထမပိုင်းရဲ့ အကောင်းဆုံး အခိုက်အတန့်တွေမှာ ကျွန်တော်တို့ ဘရိုက်တန်အသင်းကို အတော်လေး ဖိအားပေး ကစားနိုင်ခဲ့ပြီး ကွင်းလယ်ဗဟိုကနေ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၂ဂိုးပဲ ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံ မကောင်းတော့ပါဘူး။ အသင်းသားတွေရဲ့ တုံ့ပြန်မှုကိုလည်း ကျွန်တော် မကြိုက်ပါဘူး။ သူတို့တွေက “ဟာ ဒီပွဲကြီးက ခက်လိုက်တာ” ဆိုပြီး တွေးနေကြပုံပါပဲ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။