ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ သူ့ရဲ့ အသင်းအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် ဘယ်အသင်းမှ မရဖူးသေးတဲ့ ဖလား ၄လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်ခဲ့တဲ့ စံချိန်သစ်ကို ရယူနိုင်ကြောင်း ပြောကြားရင်း အသင်းသားတွေကိုလည်း ဖလား ၄လုံးစလုံး ရယူနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

လီဗာပူးဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးကို ကျော်ဖြတ်ပြီး ကာရာဘောင်းဖလားကို အရယူထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာလည်း ဆီမီးဖိုင်နယ်အဆင့် အထိ တက်ရောက်ထားနိုင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်၁နေရာက မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၁မှတ်သာ ကွာဟပါတယ်။

Photo Credit: 90 Mins

ဒါကြောင့်ပဲ လီဗာပူးအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ကာရာဘောင်းဖလား ၊ ချန်ပီယံလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို တပြိုင်နက်ထဲ ရယူနိုင်မယ့် အခြေအနေတွေကို ပိုင်ဆိုင်ထားပြီး အကယ်၍ လီဗာပူးကသာ ဖလား ၄လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်ခဲ့ရင် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာ ဘယ်အသင်းမှ မရဖူးသေးတဲ့ ဖလား၄လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်ခဲ့တဲ့ ပထမဦးဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ဖို့လည်း ရှိနေပါတယ်။

ယနေ့ည ၉နာရီ အချိန်မှာတော့ လီဗာပူးဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် သူတို့ရဲ့ မဟာပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ကလော့ပ်က သူ့ရဲ့ ကစားသမားတွေ အနေနဲ့ ဖလား၄လုံး အောင်မြင်မှုကို မှန်းဆကာ လက်ကျန်ပွဲစဉ်တိုင်းမှာ အားသွန်ခွန်စိုက် ကြိုးစားသင့်ကြောင်း တိုက်တွန်း အားပေးစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: 90 Mins

ကလော့ပ်က – “ဖလား၄လုံး အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ကျွန်တော့်ရဲ့ ကောင်လေးတွေ အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ အခုလိုမျိုး ဖလား၄လုံး အောင်မြင်မှု ရယူနိုင်မယ့် အခြေအနေကို ရောက်ရှိနေဖို့က လွယ်ကူတာ မဟုတ်ပါဘူး။ ဖလား၄လုံး အောင်မြင်မှုမျိုး ဆိုတာ ကျွန်တော်တို့ အဖေတွေခေတ်က လူတွေ မရဖူးသလို ၊ ကျွန်တော်တို့ အဖိုးခေတ်က လူတွေလည်း မရဖူးကြပါဘူး။ ဒီလိုမျိုး အောင်မြင်မှုက အရမ်းကို ထူးခြားကြီးကျယ်တဲ့ အောင်မြင်မှုမျိုးပါ။ ဒီနှစ်က ကျွန်တော်တို့အသင်း အတွက် အတော်လေးကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ နှစ်တနှစ် ဖြစ်သလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ကျွန်တော်တို့တွေ ဖြစ်လာနိုင်မယ့် အရာတွေ အားလုံးအတွက် အဆင်သင့် ပြင်ဆင်ထားကြဖို့ လိုအပ်ပါမယ်။ ဒါပေမယ့် တဖက်မှာလည်း အခက်အခဲတွေနဲ့အတူ စိတ်လှုပ်ရှားစရာတွေ ၊ ပျော်စရာတွေလည်း အများကြီးပါပဲ” လို့ ပြောကြားရင်း တိုက်တွန်းသွားခဲ့တာပါ။