လီဗာပူးလ်အသင်းရဲ့ နည်းပြဖြစ်သူ ယာဂန်ကလော့က သူနည်းပြခဲ့ဖူးတဲ့ ကလပ်အသင်းတွေမှာ ပါဝင်ခဲ့ကြတဲ့ ကစားသမားတွေအားလုံးထဲကမှ သူနဲ့အတူ ဒေါ့မွန်အသင်းမှာ လက်တွဲခဲ့ဖူးပြီး လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှာ ပါဝင်ကစားနေတဲ့ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bundesliga

ယာဂန်ကလော့နဲ့ လီဝန်ဒေါစကီးတို့နှစ်ယောက်ဟာ ဒေါ့မွန်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်ဟောင်းတွေဖြစ်ပြီး ဒေါ့မွန်အသင်းကိုလည်း ဂျာမန်ဘွန်ဒစ်လီဂါမှာ ချန်ပီယံဖြစ်အောင် အဓိကစွမ်းဆောင်ခဲ့သူတွေလည်းဖြစ်ပါတယ်။ ကလော့က လီဝန်ဒေါစကီးကို ဥရောပရဲ့ အကောင်းဆုံးသော တိုက်စစ်မှူးတစ်ယောက် ဖြစ်လာဖို့အတွက် စင်တင်ပေးခဲ့သူလည်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ လီဝန်ဒေါစကီးဟာ ဘောလုံးနယ်ပယ်အတွင်း အသင်းလိုက်ဆုဖလားတွေကိုရော တစ်ဦးချင်းဆုတံဆိပ်များစွာကိုပါ သိမ်းပိုက်ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Bundesliga

ဂျာမန်နာမည်ကျော် သတင်းစာတစ်ခုဖြစ်တဲ့ Blid နဲ့ အင်တာဗျူးအတွင်း အင်တာဗျူးမေးမြန်းသူက ကလော့အနေနဲ့ သူကိုင်တွယ်ခဲ့တဲ့ ကလပ်အသင်းတွေထဲကမှ အကောင်းဆုံးကစားသမားကို ဘယ်သူဖြစ်မလဲလို့ မေးမြန်းလာခဲ့ရာ ကလော့က “ရောဘတ်လီဝန်ဒေါစကီးပါ။ လီဝန်ကလွဲပြီး တခြားကစားသမားတစ်ယောက်ကို ရွေးချယ်ပြောဆိုလိုက်မယ်ဆိုရင် ဒါက မတရားသလို ဖြစ်သွားမှာပါ။ သူဟာ အခုလက်ရှိလို အကောင်းဆုံးပုံစံ ဖြစ်လာဖို့အတွက် အတော်လေးကို ကြိုးစားအားထုတ်ခဲ့ရတာပါ။ ဒါကလည်း တကယ့်ကို ထူးခြားခမ်းနားပါတယ်။ လီဝန်က ဂိုးသွင်းစက်တစ်ခုလို ဖြစ်လာဖို့အတွက် လိုအပ်တဲ့ ခြေလှမ်းတိုင်းကိုလည်း အကောင်းဆုံးလျှောက်လှမ်းခဲ့တယ်။ သူက ပွဲတစ်ပွဲအတွင်းမှာ အကောင်းဆုံးစိတ်ပါဝင်စားစွာ ကစားတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို သူဘာလုပ်ရမလဲ ဘယ်နေရာကို သူသွားရမလဲဆိုတာကိုလည်း သိနေတတ်တယ်။ သူက တကယ့်ကို စက်ရုပ်တစ်ရုပ်လိုပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်ကမှ ဒေါ့မွန်ကနေ ဘိုင်ယန်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘိုင်ယန်မှာ သူရဲဲ့ကစားသမားဘဝက ပိုမိုတောက်ပခဲ့ရကာ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ဘွန်ဒစ်လီဂါဖလား (၆)ကြိမ် ဖီဖာကလပ်ကမ္ဘာ့ဖလား (၁)ကြိမ် ဥရောပစူပါဖလား (၁)ကြိမ်စီ ရယူခဲ့သလို ဖီဖာရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။