ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၂ကြိမ်မှာ သူတို့အသင်းကို အနိုင်ယူထားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆သင်း အဆင့်မှာတင် ရင်ဆိုင်ရတော့မှာကို တွေးပြီး စိတ်လှုပ်ရှားမိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ နာပိုလီ ၊ အေဂျက် ၊ ရိန်းဂျား စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုပွဲ ၆ပွဲမှာ ၅ပွဲနိုင် ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရခဲ့ပေမယ့် အုပ်စုဗိုလ်လုဘက် နာပိုလီကို အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာကြောင့် ထိပ်တိုက် တွေ့ဆုံမှုအရ အဆင့်(၂)နေရာနဲ့သာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အုပ်စု ဒုတိယနေရာသာ ရခဲ့တာကြောင့် လီဗာပူးဟာ ၁၆သင်း ရှုံးထွက်အဆင့်မှာတင် အုပ်စု(F)ရဲ့ အုပ်စုပထမ ဖြစ်တဲ့ အစဉ်အလာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ရပြီး အဆိုပါ တွေ့ဆုံမှုဟာ နှစ်သင်းစလုံး အတွက် ခက်ခဲတဲ့ တွေ့ဆုံမှုလို့ ပြောရင် မှားမယ် မထင်ပါဘူး။

လီဗာပူးက ချန်ပီယံလိဂ်ပြိုင်ပွဲရောက်ရင် ခြေစွမ်းကောင်းတွေ ပြသနိုင်တဲ့ ထိပ်သီးအသင်း တသင်း ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ နောက်ဆုံး ၂ကြိမ် တွေ့ဆုံခဲ့ရာမှာတော့ ၂ကြိမ်စလုံးကို ရှုံးနိမ့်ထားပြီး အဆိုပါ ၂ကြိမ်စလုံးက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဖြစ်တာကြောင့် လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ကြောင့်ပဲ ချန်ပီယံလိဂ် ဆုဖလား ၂လုံးကို လက်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးရဲ့ ပရိသတ် တချို့က ရီးရဲလ်မက်ဒရစ်နဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာ လာရောက် တွေ့ဆုံခဲ့မှု အပေါ် ပျော်ရွှင်နေကြသလို သူတို့အသင်းက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ ရှုံးကြွေးဆပ်မယ်လို့ ကြွေးကြော်နေကြပြီး လီဗာပူးနည်းပြ ယာဂင် ကလော့ပ်ကလည်း ရီးရဲလ်မက်ဒရစ်နဲ့ လာရောက် တွေ့ဆုံနေတဲ့ အပေါ် စိတ်လှုပ်ရှားမိကြောင်းနဲ့ ယခုတကြိမ် တွေ့ဆုံမှုဟာ တကျော့ထဲ ယှဉ်ပြိုင်ရမှာ မဟုတ်ပဲ နှစ်ကျော့ ယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် သူတို့အသင်း အတွက် နောက်တဆင့်ဆီ တက်နိုင်ဖို့ အခွင့်အရေး ရှိနေတယ်လို့ ယုံကြည်ကြောင်း ဆိုလာပါတယ်။

Photo Credit: Standard

ကလော့ပ်က – “ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်နဲ့ နောက်ဆုံး တွေ့ဆုံမှုတွေမှာ ဗိုလ်လုပွဲတွေချည်းပဲ ကစားခဲ့ရပါတယ်။ အခုကတော့ ကျွန်တော်တို့တွေဟာ နှစ်ကျော့ ယှဉ်ပြိုင်ရတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်စွမ်း ရှိပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် စွမ်းဆောင်ရည်က အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ် စွမ်းဆောင်ရည်ကလည်း ကောင်းပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာ အန်ဖီးလ်ကွင်း ရှိပါသေးတယ်။ အန်ဖီးလ်ကွင်းက ဘာတွေ လုပ်ပြနိုင်လဲ ဆိုတာကို လူတိုင်း သိကြပါတယ်။ ဟုတ်တယ်မလား။ ဒီတွေ့ဆုံမှုက တကယ်ကို ကောင်းတဲ့ တွေ့ဆုံမှုပါ။ ကျွန်တော်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ လာတွေ့လို့ စိတ်လှုပ်ရှားနေမိပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရဖို့ အဝေးကြီး လိုနေသေးပေမယ့် အဲ့ဒီပွဲတွေ အတွက် ကြိုတင် ရင်ခုန်လို့တော့ ရပါသေးတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။