ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၄)မှာ ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် စပါးကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရပြီး အဖိုးတန် ရမှတ် ၃မှတ် စုဆောင်းနိုင်ခဲ့ပေမယ့် သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မမျှော်မှန်းသေးပါဘူးလို့ ဆိုလာပါတယ်။

လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၄ပွဲဆက် နိုင်ပွဲ ရရှိမှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းလို့ ရတဲ့ အနေအထားမျိုးဆီ ရောက်လာခဲ့ပါတယ်။

Photo Credit: Standard

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးနဲ့ စပါး ပွဲစဉ်မှာလည်း လီဗာပူးက အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာလာ ၊ ဒီယက်ဇ် ၊ ဂျိုတာတို့နဲ့ ကွင်းလယ်လူ ကာတစ်ဂျုံးစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အဖိုးတန်နိုင်ပွဲ တပွဲကို ရရှိခဲ့ပါတယ်။

လီဗာပူးက အိမ်ကွင်း အန်ဖီးလ်မှာ စပါးကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အဆင့်(၅)နေရာဆီ တက်လှမ်းနိုင်ခဲ့သလို အဆင့်(၄)နေရာမှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရမှတ် ၇မှတ်သာ ကွာဟတော့တာကြောင့် လက်ကျန် ပွဲတွေမှာသာ အမှားအယွင်း မရှိ နိုင်ပွဲတွေ ရယူနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားနိုင်ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် လီဗာပူးနည်းပြ ကလော့ပ်ကတော့ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်ကို ကျော်လွန်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူသေးကြောင်းနဲ့ သူတို့တွေ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ဆိုရင် မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ရှုံးပွဲတွေ ကြုံဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့က အဆင့်(၄)အတွင်း ဝင်နိုင်ဖို့ မလွယ်သေးပါဘူး။ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ရှုံးပွဲ ကြုံမှာကို စောင့်ဖို့ လိုအပ်ပါတယ်” လို့ လီဗာပူး ၄-၃ စပါး ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။