ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယခုနှစ် ဘောလုံးရာသီမှာ ဂိုးသွင်းခွင့် အမြောက်အမြား ရခဲ့ပေမယ့် သွင်းဂိုးတွေ နည်းပါးနေသလို ပုံမှန် ခြေစွမ်းကောင်းတရပ် ထုတ်ပြနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်ခံနေရတဲ့ မာနေးရဲ့ အခြေအနေက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စရပ်ပါလို့ ပြောကြားရင်း ကာကွယ်ပေးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့တဲ့ ဆာဒီယို မာနေးဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ ဂိုးသွင်းခွင့်တွေကို အဖြုန်းတီးဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းတွေ ဆိုးဝါးနေပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၉ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit: Standard
အထူးသဖြင့် ကုန်ဆုံးခဲ့တဲ့ ဒီဇင်ဘာလ တလလုံးမှာ မာနေးရဲ့ ခြေစွမ်းက အတော်လေးကို ကျဆင်းခဲ့ပြီး ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး တဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိသလို အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်လည်း ဂိုးဖန်တီးမှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။
ဒါကြောင့်ပဲ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေ သာမက လီဗာပူးအသင်းရဲ့ အမာခံ ပရိသတ်တွေကပါ မာနေးကို လာမယ့်ပွဲစဉ်တွေမှာ ထည့်သွင်း အသုံးမပြုပဲ ဂျိုတာ ၊ ဖာမီနိုနဲ့ ဆာလာတို့ရဲ့ တိုက်စစ်အတွဲကိုသာ အသုံးပြုဖို့ ကလော့ပ်ကို တိုက်တွန်းနေကြပါတယ်။
Photo Credit: Standard
ဒါပေမယ့် ကလော့ပ် ကတော့ ဆာဒီယို မာနေးအပေါ် ဝေဖန်မှုတွေကို ပယ်ချသွားခဲ့ပြီး မာနေးအနေနဲ့ လတ်တလောမှာ ခြေစွမ်းတွေ ကျဆင်းနေတာ မှန်ပေမယ့် မကြာခင်မှာပဲ သွင်းဂိုးတွေ ပြန်လည် သွင်းယူနိုင်ပြီး အသင်းကို ကူညီပေးနိုင်ဖို့ ရှိနေကြောင်း ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
ကလော့ပ်က – “မာနေးအနေနဲ့ ယုံကြည်မှု ကျဆင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုချိန်မှာ သူ့ရဲ့ အရှိန်အဟုန်က အနည်းငယ် ကျဆင်းနေတာ သေချာပါတယ်။ သူ့ရဲ့ ကစားပုံကတော့ အကောင်းဆုံး အနေအထား တရပ်မှာ ရှိနေပါသေးတယ်။ ကျွန်တော့်ဆီ ရောက်လာတဲ့ ကစားပုံ ဗွီဒီယို တခုမှာ ဆိုရင် မာနေးက ကျွန်တော်တို့ရဲ့ နိုင်ပွဲတွေ ၊ ကစားပုံတွေ အတွက် ဘယ်လောက်တောင် အကျိုးပြုထားလဲ ဆိုတာကို မြင်တွေ့ပြီးပါပြီ။ အဲ့ဒီဗွီဒီယိုကလည်း သူ့ဆီ ပို့ပေးပါဦးမယ်။ ဒီလိုမျိုး ဗွီဒီယို လုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်က သူ့ကို အဆုံးသတ် ဂိုးသွင်းယူမှု အပိုင်းမှာ မစိုးရိမ်ဖို့နဲ့ သူဟာ ကျွန်တော်တို့ အတွက် အရေးအပါဆုံး ကစားသမား တဦး ဖြစ်နေဆဲပဲ ဆိုတာကို ပြသဖို့ပါ။ တိုက်စစ်မှူး တယောက် ဖြစ်လာပြီ ဆိုရင် ဂိုးမသွင်းနိုင်တဲ့ အခိုက်အတန့်ကို ကြုံတွေ့ရတာပါပဲ။ ဆာဒီယိုက ဒီလိုမျိုး အခိုက်အတန့်ကိုလည်း ကြုံတွေ့ဖူးခဲ့တာကြောင့် သူ့အနေနဲ့ မကြာခင်မှာ သွင်းဂိုးတွေ ပြန်သွင်းနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။