ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာကို အိမ်ကွင်းမှာ ၃ဂိုး အထိ ခွင့်ပြုပေးခဲ့ရတာနဲ့ ပတ်သတ်ပြီး မကျေနပ်နိုင်ပဲ ပွဲအပြီးမှာ အသင်းရဲ့ ခံစစ်ကြောင်းက အမှားအယွင်း များပြားခဲ့မှုကို အပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် ဘင်ဖီကာကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ နောက်ခံလူ ကိုနာတေး ၊ အဓိက တိုက်စစ်မှူး ဖာမီနိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ခံစစ်ကြောင်းက အမှားအယွင်းတွေ တောက်လျှောက် ကျူးလွန်မိခဲ့တာကြောင့် ချေပဂိုး ၂ဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit: Evening Standard

လီဗာပူးဟာ ပထမအကျော့မှာ ဘင်ဖီကာကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားရချိန်မှာ လီဗာပူးနည်းပြ ကလော့ပ်က အသင်းရဲ့ အရန် ကစားသမား အများစုနဲ့သာ ပွဲကို ယှဉ်ပြိုင် ကစားဖို့ ကြိုးစားခဲ့ရာ ထင်ထားသလောက် မလွယ်ကူခဲ့တာကြောင့် ဒုတိယပိုင်းမှာ အဓိက ကစားသမားတွေကို ပြန်သုံးပြီး ပွဲထိန်းခဲ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ လီဗာပူးနည်းပြ ကလော့ပ်က သူ့ရဲ့ ကစားသမား ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး ကျေနပ်မှု ရှိကြောင်း ပြောကြားခဲ့ပေမယ့် အမှားအယွင်း များပြားတဲ့ ခံစစ်ကြောင်းကိုတော့ သဘောမကျကြောင်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Evening Standard

ကလော့ပ်က – “ကျွန်တော်က ဒီပွဲမှာ ကစားသမား အပြောင်းအလဲ ၇နေရာ အထိ လုပ်ခဲ့ပါတယ်။ အဲ့ဒီလို လုပ်ဖို့ကိုလည်း မနေ့ထဲက ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ ကစားသမားတွေ စည်းချက်ညီညီ ကစားနိုင်ဖို့ ၁၅မိနစ် ၊ ၂၀မိနစ်လောက် လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး ကျွန်တော်က ပျော်ရွှင်မှု ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ပြဿနာက ဘောလုံးဆုံးရှုံးတဲ့ အချိန်တွေမှာ ကစားပုံ ကောင်းကောင်း မကစားနိုင်တာပါပဲ။ ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ် အဆင့်မှာ ကစားနေရပြီ ဆိုရင် ဒီညမှာ ကစားခဲ့တဲ့ ခံစစ်ကစားပုံမျိုး ကစားလို့ မရပါဘူး။ ကျွန်တော်တို့တွေ လူကျွံဘော ကောင်းကောင်း ဖမ်းနိုင်ခဲ့တာကိုလည်း မတွေ့ခဲ့ရပါဘူး။ ဒီအချက်က ဆိုးဝါးပါတယ်။ ဒါကြောင့် ဒီညမှာ ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းက ကောင်းကောင်း မကစားနိုင်ဘူး ဆိုတာ ဝန်ခံရမှာပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။