ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းနဲ့ ၂-၂ သရေကျခဲ့ပြီးနောက် စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို လျစ်လျူရှုခဲ့တဲ့ ကွင်းလယ်ဒိုင် တီယာနေးကို ပွဲအပြီးမှာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

စပါးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာဟလှခြင်း မရှိခဲ့ပဲ သရေတမှတ် ဆိုတာဟာ နှစ်သင်းစလုံး အတွက် သင့်တော်တဲ့ ရလဒ်တခုပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါပေမယ့် အဆိုပါပွဲစဉ်မှာ ကွင်းလယ်ဒိုင် တီယာနေးရဲ့ ဆုံးဖြတ်ချက် တချို့ဟာ မေးခွန်းထုတ် ဝေဖန်စရာတွေ ဖြစ်ခဲ့ကာ အထူးသဖြင့် စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ လီဗာပူး ဘယ်နောက်ခံလူ ရော်ဘတ်ဆန် အပေါ် ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု အတွက် အနီကတ် ပြသရမယ့်အစား အဝါကတ်သာ ပြသခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်သူတွေ များပြားနေပါတယ်။

ဟယ်ရီကိန်းဟာ ပွဲကစားချိန် မိနစ် ၂၀ ဝန်းကျင်မှာ ရော်ဘတ်ဆန် အပေါ် ဥပဒေပ ဖျက်ထုတ်မှု တခု ပြုလုပ်ခဲ့ပြီး အဆိုပါ ဖျက်ထုတ်မှုကြောင့် ရော်ဘတ်ဆန်က ခြေထောက် ထက်ပိုင်း ကျိုးသွားနိုင်တဲ့ အထိ ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် တီယာနေး ကတော့ ဟယ်ရီကိန်းကို အဝါကတ်သာ ပြသခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ စပါးအသင်းနဲ့ ပွဲစဉ်အပြီးမှာ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ်က ကွင်းလယ်ဒိုင် တီယာနေးဟာ သူ့ကို ပုဂ္ဂိုလ်ရေးအရ အငြိုးထားနေကြောင်းနဲ့ ဟယ်ရီကိန်းရဲ့ ပြစ်ဒဏ်ကျူးလွန်မှုဟာ ကျိန်းသေပေါက် အနီကတ်ပြရမယ့် ဖြစ်ရပ်တခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားပါတယ်။

ကလော့ပ်က – “ဟယ်ရီကိန်းရဲ့ ပြစ်ဒဏ်ကျူးလွန်မှုက ကျိန်းသေပေါက် အနီကတ်ပါပဲ။ ကွင်းလယ်ဒိုင်က ရော်ဘတ်ဆန်ကို အနီကတ် ပြနိုင်ပါတယ်။ သူ့ရဲ့ ဖျက်ထုတ်မှုက ကောင်းမွန်တဲ့ ဖျက်ထုတ်မှု တခုတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဟယ်ရီကိန်းရဲ့ ဖျက်ထုတ်မှုက လုံးဝကို အနီကတ် ပြရမယ့် ဖြစ်ရပ်ပါ။ သူ့ရဲ့ ခြေထောက်က လေထဲ ရောက်နေပြီး သူက တမင်သက်သက် ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တာပါ။ တကယ်လို့ ရော်ဘတ်ဆန်ရဲ့ ခြေထောက်သာ မြက်ခင်းပေါ်မှာ ဆက်ရှိနေရင် သူ့ရဲ့ ခြေထောက်က ကျိုးသွားနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။