ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကတော့ သူတို့အသင်းရဲ့ တိုက်စစ်မှူးသစ် ဒါဝင် နူနက်ဇ်ရဲ့ အသင်းနဲ့ အသားမကျသေးမှုအား လှောင်ပြောင်နေတဲ့ လူအများစုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ဘင်ဖီကာကနေ လီဗာပူးထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၇၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

 

Photo Credit: Express

ဒါဝင် နူနက်ဇ်က လီဗာပူးထံ ပြောင်းရွှေ့ပြီးပြီးချင်မှာပဲ အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင် လေ့ကျင့်ခဲ့သလို အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ၂ပွဲစလုံးမှာလည်း ပါဝင် ကစားခွင့် ရခဲ့ပေမယ့် လီဗာပူး ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးကိုတော့ ရယူနိုင်ခဲ့ခြင်း မရှိသေးသလို အပိုင် ဂိုးသွင်းခွင့် ၂ကြိမ်ကိုပါ လွဲချော်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးရဲ့ ပြိုင်ဘက်အသင်းတွေကို အားပေးကြတဲ့ ပရိသတ်တွေက ဒါဝင် နူနက်ဇ်ရဲ့ ခြေစွမ်းကို ပယ်ပယ်နယ်နယ် ဝေဖန်နေကြပြီး လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်ကတော့ ခြေစမ်းပွဲ ၂ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ နူနက်ဇ်ကို ဝေဖန်မှုတွေဟာ ရယ်စရာကောင်းကြောင်းနဲ့ နူနက်ဇ်ကို ဝေဖန်နေတဲ့ လူတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက အများစု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ကလော့ပ်က – “ကစားသမား တယောက် တချို့အချိန်တွေမှာ ခြေစွမ်းမပြနိုင်တာကို ဝေဖန်ကြတာဟာ လူတချို့ အတွက် ဂိမ်းတခု (ဒါမှမဟုတ်) ဟာသတခု ဖြစ်နေပုံပါပဲ။ ဒါက တခြားအသင်းရဲ့ ပရိသတ်တွေ (မန်ချက်စတာ ယူနိုက်တက် ပရိသတ်များအား ရည်ရွယ်လျက်) အတွက် ဂိမ်းတခုပါပဲ။ ကျွန်တော်ကတော့ ဒါကို သာမန်ကိစ္စလို့ပဲ တွေးထားပါတယ်။ ကျွန်တော်တို့ ပရိသတ်တွေကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ်တွေကို ဝေဖန်ကြမှာပါပဲ။ ဒါမှလည်း ညီတူညီမျှ ဖြစ်မှာပေါ့” လို့ ပြောကြားသွားခဲ့တာပါ။