လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ဘရိုက်တန်အသင်းကို (၁-၃) ရလဒ်နဲ့ အနိုင်ရရှိနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ ဟန်ဒါဆန်အနေနဲ့ လက်ရှိရာသီကုန်အထိ ကစားနိုင်တော့မှာ ဖြစ်ပြီး  ဒူးဒဏ်ရာကို ခွဲစိတ်စရာ မလိုပါဘူးလို့ အတည်ပြုပါတယ်။ လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ဗုဒ္စဟူးနေ့ညက ဘရိုက်တန်အသင်းကို (၁-၃) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ် ကစားသမား ဘစ်စ်ဆူမာနဲ့ တိုက်မိခဲ့တာကြောင့် ဒူးဒဏ်ရာ ရရှိခဲ့ပြီး ကွင်းထဲကနေ ထွက်သွားခဲ့ရပါတယ်။

Photo Credit: Goal

ဟန်ဒါဆန်ဟာ ယခုအပတ် ကြာသပတေးနေ့က ဒူးဒဏ်ရာကို ဆေးစစ်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာကို ခွဲစိတ်ဖို့ မလိုအပ်ပေမယ့်လည်း လက်ရှိရာသီကို မကစားနိုင်ဘဲ လွဲချော်တော့မှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် (၄) ပွဲကို ကစားနိုင်တော့ဘဲ ကြည့်ပဲ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ မနက်ဖြန် စနေနေ့ည (၈း၃၀) အချိန်မှာ ကစားရမယ့် ဘန်လေအသင်းနဲ့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေတဲ့ အချိန်မှာ ဟန်ဒါဆန်ဟာ လက်ရှိရာသီကို ဒူးဒဏ်ရာကြောင့် လွဲချော်သွားရတော့မှာ ဖြစ်တယ်လို့ အတည်ပြုပြောခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ် နည်းပြ ကလော့ပ်က “ဒီသတင်းက သတင်းဆိုးတွေထဲက အဆိုးဆုံး သတင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဟန်ဒါဆန်က ဒူးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ခွဲစိတ်စရာတော့ မလိုပါဘူး။ သူ လက်ကျန်ရာသီမှာ ကစားနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ နောက်ရာသီအစမှာ ကျွန်တော်တို့နဲ့ အတူ ရှိနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူက မြန်မြန် သက်သာနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါက မကောင်းပေမယ့် အဆိုးထဲက အကောင်းပါပဲ။ ဆန်ဒါဆန်က နာကျင်နေရင်တောင် ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။ ဒီတော့ မဖြစ်သင့်တဲ့ အရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါက ပျော်ရွင်မှုကို ဖျက်ဆီးပါတယ်။ ကျွန်တော်တို့ နိုင်ပွဲ ရရှိနိုင်ခဲ့ပါတယ်။ ကျွန်တော် ကစားသမားတွေကို နိုင်ပွဲ ရလို့ ပျော်ရွှင်ရမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားတိုင်းက ဟန်ဒါဆန်အတွက် စိတ်ခံစားခဲ့ကြပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။