အသင်းမှာ အဓိကနောက်ခံကစားသမားတွေဖြစ်တဲ့ ဗာဂျယ်ဗန်ဒိုက်နဲ့ ဂျိုးဂိုးမက်ဇ်တို့ ဆိုးရွှားလှတဲ့ ဒဏ်ရာပြသာနာအသီးသီးကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့အပြင် နောက်ထပ်ခံစစ်မှူးတွေကလည်း မကြာခဏ ဒဏ်ရာတွေနဲ့ လုံးပန်းနေရတဲ့ လီဗာပူးလ်အသင်းအနေနဲ့ အခုဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်မှာတော့ ခံစစ်ပိုင်းကို မဖြစ်မနေ အားဖြည့်သွားလိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးခဲ့ပေမယ့်လည်း အသင်းနည်းပြ ယာဂန်ကလော့ကရော အသင်းပိုင်ရှင်တွေကပါ လက်ရှိအခြေအနေတွေအရ သူတို့အသင်းက လူခေါ်စရာ မလိုအပ်ဘူးလို့ပဲ ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။

Photo Credit : Goal

အသင်းရဲ့ပရိသတ်တွေနဲ့ ဂျင်မီကာရေဂါတို့လို အသင်းရဲ့ ကစားသမားဟောင်းကြီးတွေကိုယ်တိုင်က လီဗာပူးလ်အသင်းအနေနဲ့ ခံစစ်ပိုင်းအတွက် ကစားသမားသစ်တစ်ယောက်ကို ဒီဆောင်းစျေးကွက်ထဲမှာ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုနေကြပေမယ့်လည်း ဆောင်းစျေးကွက်ပိတ်သိမ်းဖို့ ရက်ပိုင်းလောက်သာ ကျန်ရှိနေတော့တဲ့အထိ လီဗာပူးလ်ရဲ့ စျေးကွက်အတွင်း လှုပ်ရှားမှုတွေက ငြိမ်သက်လို့နေမြဲသာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ လီဗာပူးလ်အသင်းအတွက် စျေးကွက်မပိတ်ခင်မှာ ခံစစ်မှူးတစ်ယောက် ခေါ်ယူသွားဖို့ အကြောင်းဖန်လာခဲ့ရပါပြီ။

Photo Credit : This is Anfield

ဒါက ဘာလဲဆိုတော့ လီဗာပူးလ်အသင်းရဲ့ နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဂျိုရယ်မာတစ်က မနေ့ညက စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဒဏ်ရာရရှိခဲ့ပြီး ကာလရှည်ကြာ အနားယူရတော့မယ်ဆိုတာကြောင့်ပါပဲ။ အသင်းမှာ ဗန်ဒိုက် ဂိုးမက်ဇ်တို့အပြင် မာတစ်ပါ ထပ်ပြီးဒဏ်ရာပြသာနာနဲ့ ကြုံတွေ့နေရပြီဆိုရင် အသင်းရဲ့ ဗဟိုခံစစ်ပိုင်းမှာ အားနည်းလာနိုင်ပြီး ဖာဘင်ဟိုပါ ဒဏ်ရာထပ်ရခဲ့မယ်ဆိုရင် လီဗာပူးလ်အတွက် ခေါင်းခဲသွားနိုင်ပါတယ်။ အသင်းရဲ့ လူငယ်ခံစစ်ကစားသမားလေးတွေကလည်း အရည်အသွေးကောင်းကြပေမယ့် သူတို့ရဲ့ ပွဲအတွေ့အကြုံ နှနယ်သေးမှုက အသင်းကြီးတွေနဲ့ ရင်ဆိုင်ရချိန်မှာ အသင်းရဲ့ခံစစ်ပိုင်းအတွက် စိုးရိမ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အနေနဲ့ ဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာပဲ ခံစစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူသွားနိုင်ပြီး အသင်းမှာ ရေတိုလောက်သာ အသုံးပြုဖွယ် ရှိတာကြောင့် အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ခံစစ်မှူးတစ်ဦးကိုသာ ကမ်းလှမ်းလာနိုင်ပါတယ်။ လက်ရှိစျေးကွက်အတွင်းမှာတော့ အာဂျင်တီးနား နောက်ခံလူ ဂါရေးနဲ့ ဆာဘီးယား နောက်ခံလူ ဆူဘိုတစ်တို့လို အတွေ့အကြုံရင့် ဝါရင့်ခံစစ်မှူးတွေ ရှိလို့နေပါတယ်။