လီဗာပူးလ် နည်းပြ ကလော့ပ်က အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အလီဆွန်ဟာ ဒဏ်ရာ ရရှိနေတယ်လို့ အတည်ပြုခဲ့တာကြောင့် စနေနေ့ညမှာ ကစားသွားမယ့် ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာ သေချာနေပြီး ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်ကိုပါ လွဲချော်နိုင်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ယခုအပတ် စနေနေ့ည (ရး၀၀) အချိန်မှာ အဆင့် (၁၈) နေရာက ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားပြီးရင် (၁၂) ရက်နေ့မှာ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ် ကစားရမှာပါ။

Photo Credit: Liverpoolfc

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့ အဝေးကွင်း ပွဲစဉ်မှာ အက်သလက်တီကိုအသင်းကို (၁-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး လာမယ့် (၁၂) ရက်နေ့မှာ ဒုတိယ အကျော့ ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် လူစုံတက်စုံ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဂိုးသမား အလီဆင်ဟာ လီဗာပူးလ်အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်ပြီး အက်သလက်တီကိုအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်သွားမယ်ဆိုရင် လီဗာပူးလ်အသင်းအတွက် ကြီးမားတဲ့ အားနည်းချက် ဖြစ်လာနိုင်ပြီး နည်းပြ ကလော့ပ်ကတော့ ဒဏ်ရာကြောင့် နားရမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Liverpoolfc

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လီဗာပူးလ် နည်းပြ ကလော့ပ်က “ကံမကောင်းစွာနဲ့ပဲ ဂိုးသမား အလီဆင်က ခဏနားရပါမယ်။ သူဟာ ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မတိုင်ခင် အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါတယ်။ ဒါကို ဘာမှ ဖြစ်မှာ မဟုတ်ပါဘူးလို့ ကျွန်တော်တို့ တွေးခဲ့ကြပါတယ်။ သူ မကစားနိုင်ဘူး ဆိုတာ ရှင်းနေပါပြီ။ အစီအစဉ်ကတော့ သူ အရန်ခုံမှာ ထိုင်ရမှာပါ။ ကျွန်တော်တို့က ဘာမှ အရဲစွန့်စရာ မလိုအပ်ဘူး။ ဒါကြောင့် သူ့ကို အသင်းစာရင်းက ပယ်လိုက်ရအောင်လို့ တွေးခဲ့ကြပါတယ်။ နောက်နေ့မှာ ဓါတ်မှတ် ရိုက်ပြီး တစ်ခုခုကို တွေ့ခဲ့ကြပါတယ်။ ဒါကြောင့် အခု သူ နားရပါမယ်။ နောက်အပတ်မှာ သိရမှာပါ။ ကျွန်တော်တို့ သိရမှာပါ။ တင်ပါးရိုးနားမှာ ကြွက်သားဒဏ်ရာ ရခဲ့တာပါ”လို့ ပြောသွားပါတယ်။