ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရတဲ့ လီဗာပူးလ် တိုက်စစ်ကစားသမား ဒီယိုဂိုဂျိုတာဟာ အောက်တိုဘာလလယ်ပိုင်းလောက်ကတည်းက အသင်းရဲ့ ပွဲစဉ်တွေကို တောက်လျှောက် လွဲချော်ထားခဲ့ရပေမယ် လက်ရှိမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီဖြစ်ပြီး အသင်းအတွက်ကိုလည်း ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပြီလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Athletic

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်ကစားသမား ဂျိုတာဟာ ဒီရာသီအစမှာ တံကောက်ကြောဒဏ်ရာ ခံစားခဲ့ရတဲ့အပြင် အောက်တိုဘာလအတွင်းမှာလည်း ခြေသလုံးဒဏ်ရာ ရရှိခဲ့ပြီး ဒီဒဏ်ရာကြောင့်ပဲ ကာလအတန်ကြာအထိကို အနားယူနေရတာ ဖြစ်ပါတယ်။ အသင်းတိုက်စစ်မှာ ဆာဒီယိုမာနေး မရှိတော့တဲ့အချိန် မာနေးနေရာကို ဒါဝင်နူးနက်ဇ်က တစ်ခါတည်း အစားဝင်နိုင်ခြင်း မရှိသေးတဲ့အပြင် ဂျိုတာ ဒီးယက်ဇ်တို့က ဒဏ်ရာရနေပြီး မိုဆာလာကပါ form အောက်နေရတာကြောင့် ကစားသမားသစ်လေး ဂက်ပိုပါ ရုန်းကန်နေရပါတယ်။

Jurgen Klopp optimistic over Diogo Jota injury but admits Roberto Firmino  is out 'for a while'

Photo Credit : 90Min

ဒီလိုအချိန်မှာ လီဗာပူးလ်အတွက် သတင်းကောင်းကတော့ ဂျိုတာ မကြာခင်မှာပဲ ပြန်ကစားနိုင်တော့မယ်ဆိုတာပါပဲ။ ဒါ့အပြင် ဂျိုတာနဲ့အတူ နောက်ထပ် အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ ရောဘတ်တိုဖာမီနိုမှာလည်း ဂျိုတာနဲ့ မရှေးမနှောင်းမှာပဲ အသင်းအတွက် ပြန်ကစားပေးနိုင်လိမ့်မယ်လို့ ကလော့ပ်က အတည်ပြုသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီကစားသမားနှစ်ဦးက ဒီတစ်ပတ်ရဲ့ မာဆေးဆိုက်ဒါဘီပွဲကို ပါဝင်ဆင်နွဲနိုင်ဖွယ်တော့ မရှိသေးပဲ ရှေ့လာမယ့် ပွဲစဉ်တွေမှသာ အသင်းအတွက် စတင် ကစားပေးဖွယ် ရှိနေပါတယ်။ လီဗာပူးလ်အသင်း ရင်ဆိုင်ရမယ့် ခါးသီး မြို့ခံပြိုင်ဘက် အဲဗာတန်က လက်ရှိမှာ နည်းပြသစ် ရှောင်ဒိုက်နဲ့အတူ ပြီးခဲ့တဲ့တစ်ပတ်မှာပဲ အာဆင်နယ်အသင်းကို အလဲထိုးထားနိုင်ခဲ့တာဖြစ်လို့ လတ်တလော ရလဒ် မတည်မငြိမ် ဖြစ်နေရတဲ့ လီဗာပူးလ်အတွက် သတိထားစရာ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)မှာ ရပ်တည်နေရတဲ့ လီဗာပူးလ်ဟာ ရှေ့လာမယ့် ပွဲစဉ်တွေမှာလည်း နယူးကာဆယ် ရီးယဲလ်မက်ဒရစ်တို့နဲ့ တောက်လျှောက် ရင်ဆိုင်ရမှာဖြစ်လို့ ဒီလို ပွဲစဉ်တွေမှာ ဂျိုတာ ဖာမီနိုတို့ ပြန်ကစားနိုင်တာက အသင်းအတွက် အကျိုးရှိလာနိုင်ပေမယ့် ခံစစ်ပိုင်းက ဗန်ဒိုက် ပြန်ပါလာနိုင်ဖို့လည်း လိုအပ်နေသလို ကွင်းလယ်မှာလည်း သီယာဂိုပါ ဒဏ်ရာ ထပ်ရနေတာကတော့ စိုးရိမ်စရာ ဖြစ်နေပါတယ်။