MySport Myanmar

ဒီယက်ဇ်က မတ်လလောက်အထိ အနားယူသွားရနိုင်တယ်လို့ ကလော့ပ် အတည်ပြု

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ လူးဝစ်ဒီယက်ဇ်ဟာ ဒဏ်ရာ အခြေအနေကြောင့် (၃)လလောက်အထိ အနားယူရနိုင်ဖွယ် ရှိနေတယ်လို့ သတင်းစာရှင်းလင်းပွဲအတွင်း အတည်ပြု ပြောဆိုလိုက်ပြီး အလွန် စိတ်ပျက်မိတယ်လို့ ညည်းညူသွားခဲ့ပါတယ်။

Photo Credit : The Times

ကိုလံဘီယာ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက အာဆင်နယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းကနေ အနားယူနေခဲ့ရပေမယ့် အသင်းရဲ့ world cup break ကာလ ဒူဘိုင်းမှာ camp သွင်းရာမှာ ပါဝင်လာခဲ့ရင်း လေ့ကျင့်ခန်းဆင်းမှုတွေပါ ပြုလုပ်နေပြီးမှ ဒီယက်ဇ်က သူ့ဒဏ်ရာကြောင့် မတ်လလောက်အထိ ဆက်လက် အနားယူရတော့မယ့် အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ ဒီယက်ဇ်ဟာ သူရဲ့ LCL လို့ခေါ်တဲ့ ဒူးဘေးအရွှတ် စုတ်ပြဲခြင်း ဒဏ်ရာကို ခွဲစိတ်မှု ခံယူထားခဲ့ပေမယ့် နောက်ထပ် (၃)လလောက်အထိ အနားယူသွားဖို့ လိုအပ်နေတာကြောင့် ကမ္ဘာ့ဖလားအပြီး ကလပ်အသင်းပွဲစဉ်တွေ ပြန်လည် စတင်ချိန် ဒီယက်ဇ်ကို အသုံးပြုဖို့ စီစဉ်ထားတဲ့ ကလော့ပ်အတွက် အကျပ်ရိုက်သွားစေခဲ့ပါတယ်။

Photo Credit : The Mirror

ကလော့ပ်ကလည်း ဒီယက်ဇ်ရဲ့ ဒဏ်ရာပြသာနာနဲ့ ပတ်သတ်ပြီး သူ အတော်လေးကို စိတ်ပျက်နေရကြောင်း ပြောဆိုလာခဲ့သလို အသင်းအနေနဲ့ world cup အပြီးမှာ world cup အတွက် စေလွှတ်ထားရတဲ့ ကစားသမားတွေကိုလည်း အနားပေးရဖို့ ရှိနေသးတာကြောင့် ဒီဇင်ဘာလနှောင်းပိုင်း ပွဲစဉ်တွေအတွက် အခက်အခဲ ရှိလာနိုင်ပါတယ်။ လီဗာပူးလ်က ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂိုးသမား အယ်လီဆန် နောက်တန်းမှာ ဗန်ဒိုက် အာနိုး ကိုနာတေး ကွင်းလယ်မှာ ဟန်ဒါဆန် ဖာဘင်ဟိုနဲ့ တိုက်စစ်မှာ နူနက်ဇ်တို့ကို သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေဆီ စေလွှတ်ထားခဲ့ရပြီး နူနက်ဇ်တစ်ဦးတည်းသာ ဥရုဂွေးတို့ အုပ်စုနဲ့ လှည့်ပြန်ထားရတာကြောင့် လီဗာပူးလ်အသင်းဆီ ခပ်စောစော ပူးပေါင်းနိုင်မှာ ဖြစ်ပေမယ့် အယ်လီဆန် ဗန်ဒိုက် အာနိုး ဟန်ဒါဆန် ဖာဘင်ဟိုတို့က ကွာတားအထိ ရောက်ထားခဲ့ရသလို ကိုနာတေးဆိုရင်လည်း ဆက်လက် ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ ဒီကစားသမားတွေကိုတော့ လုံလောက်တဲ့ နားရက်တွေ ပေးရဖို့ ရှိနေပေမယ့် တိုက်စစ်မှာ ဂျိုတာနဲ့ ဒီယက်ဇ်တို့ ဒဏ်ရာရနေချိန် ဆာလာ ဖာမီနိုတို့က world cup မကစားရတာ နူနက်ဇ်က world cup ကနေ စောစောစီးစီး ပြန်လာခဲ့ရတာတွေက လီဗာပူးလ်အတွက် အဆိုးထဲကအကောင်း ဖြစ်လာနိုင်ပါတယ်။

 

Exit mobile version