လီဗာပူးလ်အသင်းရဲ့နည်းပြ ယာဂင်ကလော့ကတော့ မနေ့ညက ကျင်းပသွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုရဲ့ ပွဲအတွင်း စွမ်းဆောင်ချက်တွေနဲ့ပတ်သက်ပြီး ချီးမွမ်းစကားတွေ ပြောဆိုသွားခဲ့သလို အသင်းဖော်တွေအားလုံးကလည်း ဖာမီနို သွင်းဂိုးရယူနိုင်ခဲ့ခြင်းအပေါ် အတော်လေးကို ဝမ်းမြောက်နေရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : DW

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ဖာမီနိုဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂိုးသွင်းစွမ်းရည်တွေ ကျဆင်းလာမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခံရနေသူဖြစ်ပြီး သူရဲ့နေရာကို လတ်တလောမှာ ဂိုးအရမ်းမြူးလို့နေတဲ့ ဒီယေဂိုဂျိုတာက ဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ပြောဆိုလာကြပါတယ်။ ဒါပေမယ့် လီဗာပူးလ်နည်းပြကလော့ကတော့ ဖာမီနိုကို ယုံယုံကြည်ကြည်နဲ့ နေရာဆက်ပေးခဲ့ပြီး ဖာမီနိုကိုယ်တိုင်ကလည်း လက်စတာအသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာပါ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : AS English

ဖာမီနိုနဲ့ပတ်သက်ပြီး နည်းပြကလော့က “သူဂိုးသွင်းယူနိုင်ခဲ့လို့ ကျွန်တော်တို့အားလုံး အရမ်းကို ပျော်ရွှင်နေရတယ်။ တကယ်ဆိုရင် သူက ဒီထက်မကပါ ဂိုးတွေသွင်းယူနိုင်ခဲ့သင့်တာ။ သူက ဒီပွဲမှာ အကောင်းဆုံးကစားပြနိုင်ခဲ့တယ်။ ကျွန်တော်တို့အသင်းအတွက်ကိုလည်း အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ထပ်မံစွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ သူ ဂိုးသွင်းယူလိုက်တဲ့အချိန် သူရဲ့အသင်းဖော်တွေရဲ့မျက်နှာကို သင်တို့မြင်တွေ့နိုင်မှာပါ။ အားလုံးရဲ့အတွေးထဲမှာလည်း ဟုတ်ပြီကွ ဒါမှ တကယ့်ကို ဂိုးတွေသွင်းယူနိုင်တဲ့ တိုက်စစ်မှူးကြီးဆိုပြီး တွေးမိကြမှာ” လို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ဖာမီနိုနဲ့ ဂျိုတာတို့က တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ကြသလို လက်စတာ နောက်ခံကစားသမား ဂျွန်နီအီဗန်ကလည်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ အခုနိုင်ပွဲကြောင့် အိမ်ကွင်းအန်ဖီးလ်ကွင်းမှာ ကစားခဲ့သမျှ ပြိုင်ပွဲစုံပွဲပေါင်း(၆၄)အထိကို မရှံးနိမ့်သေးတဲဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပြီး ယခင်တည်ရှိထားခဲ့ဖူးတဲ့ မှတ်တမ်းဟောင်း(၆၃)ပွဲကိုပါ ကျော်လွန်နိုင်ခဲ့ပြီး စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။ လီဗာပူးလ်ဟာ လက်ရှိမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း လက်စတာနဲ့ပွဲစဉ်မှာတော့ ရှိတဲ့လူအင်အားနဲ့ အကောင်းဆုံးပုံစံပြကာ ကစားသွားနိုင်ခဲ့ပြီး ဒီရာသီမှာ အကောင်းဆုံး Form တစ်ခုရနေတဲ့ လက်စတာလိုအသင်းမျိုးကိုပါ ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ရယူခဲ့ပါတယ်။