ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာတော့ အိုးထရက်ဖို့ဒ်ကွင်း အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရပါတယ်။ အင်္ဂလန် ဒါဘီအဖြစ် တင်စားကြတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လီဗာပူး အသင်းတို့ရဲ့ ပွဲစဉ် ဖြစ်သလို နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်ကမှ လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းထဲမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒီနေ့ပွဲမှာတော့ နှစ်သင်းစလုံးဟာ အနိုင်ရရှိဖို့ ရေကုန်ရေခမ်း ကြိုးစား ကစားသွားခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အန်ဖီးလ်ကွင်းက ပွဲစဉ်လို ပွဲစဉ်ကို ထိန်းချုပ် ကစားဖို့ မကြိုးစားပဲ ဖွင့်ကစားခဲ့သလို လီဗာပူးအသင်း ကလည်း လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြန်လည် ဖိအားပေးဖို့ ကြိုးစားခဲ့တာကြောင့် ပွဲဟာ အတော်လေး ကြည့်ကောင်းခဲ့ပြီး သွင်းဂိုးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် မြင်တွေ့ခဲ့ရကာ မန်ချက်စတာ ယူနိုက်တက် အသင်းက ၃-၂ ဆိုတဲ့ ရလဒ်နဲ့ လီဗာပူးအသင်းကို အနိုင် ရရှိခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၂၈မိနစ်မှာ ဂရင်းဝုဒ် ၊ ပွဲကစားချိန် ၄၈မိနစ်မှာ ရက်ဖို့ဒ်နဲ့ ပွဲကစားချိန် ၇၈မိနစ်မှာ ဖာနန်ဒက်တို့က အသီးသီး သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပြီး လီဗာပူးအသင်း အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၁၈မိနစ်နဲ့ ၅၈မိနစ်တွေ မှာ ဆာလက်တစ်ဦးထဲက သွင်းယူ ပေးခဲ့တာပါ။

Photo Credit: Express

အဆိုပါ ရှုံးပွဲကြောင့် လီဗာပူးအသင်းဟာ အက်ဖ်အေဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ယခုတစ်ကြိမ် ပြိုင်ပွဲကနေ ထွက်ခွာရတာဟာ လီဗာပူးအသင်း အနေနဲ့ ကလော့ပ်ရဲ့ လက်အောက်မှာ အက်ဖ်အေဖလားရဲ့ ကွာတားဖိုင်နယ် အဆင့်ကို မရောက်ရှိပဲ ပြိုင်ပွဲကနေ ထွက်ခွာရတဲ့ ၅ကြိမ်ဆက်လည်း ဖြစ်လာပါတယ်။ ဒါဟာ ကလော့ပ် အတွက် နောက်ထပ် မေ့ဖျောက်ချင်စရာ မှတ်တမ်းဆိုး တစ်ခုလို့လည်း ဆိုရမှာပါ။ ဒါ့အပြင် ကလော့ပ်က သူ့ရဲ့ နည်းပြဘဝမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲကို ပြိုင်ဘက်အဖြစ် ၆ကြိမ်တိုင် လာရောက် ကစားခဲ့ပေမယ့် တစ်ကြိမ်မှကို အနိုင်မရခဲ့ပဲ ၂ပွဲ သရေ ၄ပွဲရှုံး ရလဒ်သာ ရရှိခဲ့ပြီး အိုးထရက်ဖို့ဒ်ကွင်းဟာ ကလော့ပ်အတွက် ကျိန်စာဆိုး တစ်ခုလို ဖြစ်နေကြောင်းလည်း မှတ်တမ်းတွေအရ သိရှိရပါတယ်။