အသက်အရွှယ်အားဖြင့် ငယ်ရွှယ်သေးပေမယ့်လည်း ခြေစွမ်းပိုင်းမှာတော့ တကယ့်ကို ပါရမီရှင်တစ်ယောက်လို တောက်ပထားနိုင်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းကနေ အဓိကပစ်မှတ်ထားနေတာဆိုပေမယ့် လီဗာပူးလ်အသင်းကလည်း ဘာပေရဲ့အခြေအနေကို စောင့်ကြည့်လျက်ရှိနေတဲ့အပြင် သူတို့အသင်းရဲ့နည်းပြယာဂင်ကလော့ကိုယ်တိုင်ကလည်း ဘာပေကို အရမ်းစိတ်ဝင်စားနေတာမို့ ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေကို စတင်ပြုလုပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၁)နှစ်အရွှယ် ကမ္ဘာ့ဖလားဆုရ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးလေးဘာပေဟာ အသင်းဟောင်းမိုနာကိုမှာကတည်းက သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီကို ရောက်ရှိလာချိန်နဲ့ ပြင်သစ်အသင်းကနေ ခေါ်ယူခံလာရချိန်တွေမှာလည်း သူရဲ့ခြေစွမ်းတွေကို အတော်လေးကို တိုးတတ်လာခဲဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် သွင်းဂိုးများစွာ ရယူထားနိုင်တဲ့ ဘာပေကို ရီးရဲလ်မက်ဒရစ်ကနေ အထူးစိတ်ဝင်စားနေပေမယ့် ပီအက်စ်ဂျီကတော့ သူတို့ကစားသမားကို ရောင်းထုတ်ဖို့ လုံးဝဆန္ဒမရှိသလို ဘာပေကိုယ်တိုင်ကလည်း လက်ရှိအသင်းမှာပဲ နောက်ထပ်တစ်ရာသီလောက် ဆက်လက်ရှိနေနိုင်ဖွယ်ရှိပါတယ်။

Photo Credit : AS English

ဒါပေမယ့် Le10 Sport ပြင်သစ်သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ လီဗာပူးလ်နည်းပြကလော့က ဘာပေကို လီဗာပူးလ်အသင်းဆီ ခေါ်ဆောင်နိုင်ဖို့အတွက် ဘာပေရဲ့ဖခင်ဖြစ်သူ ဝယ်လ်ဖရက်ဒ်ဘာပေဆီကို ဖုန်းနဲ့ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းဘက်ဆီ တရားဝင်ကမ်းလှမ်းမှုတွေ မပြုလုပ်သေးပေမယ့်လည်း လာမယ့်ရာသီ အသင်းကနေ ထွက်ခွာလာနိုင်ဖွယ်ရှိတဲ့ မာနေးနဲ့ဆာလာတို့ရဲ့ နေရာမှာ အစားထိုးဖို့အတွက် လျာထားတာဖြစ်နိုင်ပြီး လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကသာ လီဗာပူးလ်အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် ဆက်လက်ရှိနေနိုင်ပါတယ်။ ဘာပေကတော့ အသင်းမှာ တစ်ရာသီလောက် ဆက်လက်ရှိနေဖို့ကိုပဲ ဆုံးဖြတ်နိုင်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဆီရော လီဗာပူးလ်အသင်းဆီကိုပါ ပြောင်းရွှေ့ကစားဖွယ်မရှိနိုင်သေးသလို ပီအက်စ်ဂျီအသင်းရဲ့ နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့ကိုလည်း ဆက်လက်ပယ်ချနိုင်ပါတယ်။