လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆွမ်ဆီးစီးတီးအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ပြီး ဒီရာသီမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနေတဲ့ အင်္ဂလန်လူငယ်တိုက်စစ်ကစားသမားလေး ရာဟန်ဘရူစတားကို အသင်းကနေ အပြီးသတ်ရောင်းချတာပဲဖြစ်ဖြစ် အငှားချတာပဲကိုဖြစ်ဖြစ် လုပ်ဆောင်ဖို့သွားဖို့ထက် အသင်းမှာပဲ နေရာပေးသွားဖို့သာ အစီအစဉ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ အင်္ဂလန်ယူ-၂၁လက်ရွေးစင် တိုက်စစ်ကစားသမားလေး ဘရူစတားဟာ မနှစ်က ဘောလုံးရာသီအတွင်း ဆွမ်ဆီးအသင်းအတွက် ချန်ပီယံရှစ်မှာ ပွဲ(၂၀)အထိ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ အသင်းကိုလည်း ချန်ပီယံရှစ်ပလေးအော့အဆင့်ထိ ဆင်နွဲခွင့်ရအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘရူစတားဟာ အင်္ဂလန်ယူ-၁၇အသင်းနဲ့လည်း ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားခဲ့ပြီး တကယ့်ကို အရည်အသွေးမြင့် လူငယ်ကစားသမားလေးဖြစ်လို့ သူ့ကို ပရီးမီးယားလိဂ် ကလပ်အသင်းပေါင်း(၆)သင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Teamtalk

ဘရူစတားကို အက်စတွန်ဗီလာအသင်းကနေ ပေါင်သန်း(၂၀)ခန့်နဲ့ ခေါ်ယူသွားချင်နေပြီး ကစားသမားသစ်တွေကို ဆက်တိုက်ခေါ်ယူလျက်ရှိနေတဲ့ နယူးကာဆဲလ်ယူနိုက်တက်ကလည်း ဘရူစတားကို အငှားနဲ့ ခေါ်ဆောင်ချင်နေပါတယ်။ ဒါ့အပြင် အခြားသောပရီးမီးယားလိဂ်အသင်းတွေကလည်း ဘရူစတားကို ဝိုင်းပစ်မှတ်ထားနေကြပေမယ့် လီဗာပူးလ်နည်းပြကလော့ကတော့ ဘရူစတားကို အသင်းကနေ ရောင်းထုတ်လိုက်ဖို့ထက် အသင်းမှာသာ ထိန်းသိမ်းထားချင်နေပြီး နွေစျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူဖို့ ခက်ခဲနေချိန်မှာ အသင်းရဲ့အင်အားကို တောင့်တင်းနေနိုင်ဖို့အတွက် ဘရူစတားကို အသင်းမှာပဲ ထားရှိချင်နေတာဖြစ်ပါတယ်။ ဘရူစတားဟာ ပြီးခဲ့တဲ့ရာသီမှာတော့ လီဗာပူးလ်အသင်းအတွက် ကာရာဘောင်းပွဲတွေမှာသာ ပါဝင်ကစားခဲ့ရတာဖြစ်ပြီး မာဆေးဆိုက်ဒါဘီအသင်းဖြစ်တဲ့ အဲဗာတန်နဲ့ ကစားခဲ့ရတဲ့ အက်အေဖလားပွဲမှာလည်း ပွဲပြီးခါနီးမှသာ ပါဝင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဘရူစတားဟာ လီဗာပူးလ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေနဲ့ ကွန်မြူနတီဒိုင်းပွဲတွေမှာ ပါဝင်ကစားခွင့်ရရှိနေပြီး အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာတော့ သူရဲ့ပင်နယ်တီလွဲချော်ခဲ့မှုကြောင့် လီဗာပူးလ်တို့ အာဆင်နယ်ကို အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။